ဒီလစ်ချ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိပြီးနောက် ပေါင် ၄၃ သန်းနဲ့ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးနေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်ချ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ယခုအခါမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ သဘောတူညီမှုရရှိဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီ ဖြစ်ပါတယ်။
နည်းပြအဲရစ်တန်ဟက်အနေနဲ့ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ ဒီလစ်ချ်ကို အိုးလ်ထရက်ဖို့ဒ်သို့ အမြန်ဆုံးခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေသလို ကစားသမားဘက်ကလည်း နည်းပြဟောင်းနဲ့ ပြန်လည်လက်တွဲလိုနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အေဂျက်စ်ကို ၂၀၁၈ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တဲ့ တန်ဟက်ဟာ ကလပ်အတွက် ၂၀၁၈-၁၉ နယ်သာလန်အမှတ်ပေးဖလားအပါအဝင် ပြည်တွင်းဆုဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး ဒီလစ်ချ်ကလည်း တန်ဟက်ရဲ့ လက်အောက်မှာ အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင် အဆိုပါရာသီမှာပဲ တန်ဟက်ဟာ အေဂျက်စ်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၉ နွေရာသီမှာတော့ ဒီလစ်ဟာ ဂျူဗင်တပ်စ်သို့ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ် အကြာမှာတော့ ဘိုင်ယန်မြူးနစ်သို့ ပေါင် ၆၈ သန်းနဲ့ရောက်ရှိလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့နောက်တန်းကို အဓိကထားပြီး ပြင်ဆင်မှုတွေပြုလုပ်သွားမှာဖြစ်လို့ အသက်-၂၄ နှစ်အရွယ်နောက်ခံလူကို ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ကမ်းလှမ်းထားတယ်လို့သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဒီလစ်ချ်ဟာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရထားပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအချန်အထိတော့ ဗဟိုနောက်ခံလူဟာ နယ်သာလန်ရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်မရသေးဘဲ အရန်လူစာရင်းမှာသာ ဆက်တိုက်ပါဝင်ထားတာဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲပြီးဆုံးချိန်မှာတော့ ဒီလစ်ချ်အနေနဲ့ ၃ ပတ်ကြာအနားရသွားမှာဖြစ်ပြီး အဆိုပါကာလအတောအတွင်းမှာ ယူနိုက်တက်နဲ့ ချိတ်ဆက်သွားနိုင်ချေရှိပါတယ်။ ဒီလစ်ချ်အပြင်ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဘိုလော့ဂ်နာကြယ်ပွင့် ဂျိုရှူးဝါးဇာကီကိုလည်း ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ တိုက်စစ်ကစားသမားကို ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့သိရပါတယ်။ ဒါ့အပြင် အိုးလ်ထရက်ဖို့ဒ်အသင်းဟာ အဲဗာတန်နောက်ခံလူ ဂျာရတ်ဘရန့်ဝိတ်ကို ခေါ်ယူဖို့ တနင်္လာနေ့က ပေါင် ၄၅ သန်းနဲ့ ဒုတိယအကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ နောက်ခံလူကို ခေါ်ယူဖို့ ပြီးခဲ့တဲ့လက ပေါင် ၃၅ သန်းနဲ့ ပထမဆုံးအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားအတွက် ပေါင်သန်း ၇၀ အထိလိုချင်နေတဲ့ အဲဗာတန်က ကမ်းလှမ်းမှုကို ပယ်ချထားခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်ပိုင်းအတွက် လက်ရှိယူနိုက်တက်ရဲ့အဓိက ပစ်မှတ်ကတော့ ပီအက်စ်ဂျီကွင်းလယ်လူ မန်နူရယ်ယူဂါတီဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ FFP စည်းမျဉ်းတွေကို ရှောင်လွှဲနိုင်ဖို့ အသင်းမှ ကစားသမားများကိုလည်း ရောင်းချသွားရဦးမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ယူနိုက်တက်ရောင်းချမယ့် ပထမဆုံး ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက စပိန်လာလီဂါကလပ် ဂီတာဖေးသို့အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဖြစ်ပြီး အင်္ဂလန်သားဟာ ပြင်သစ်လီဂူးကလပ် မာဆေးလ်သို့ ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။