အူဂါတီကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရသွားတဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီကွင်းလယ်လူ အူဂါတီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရသွားပြီဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်အသင်းဟာ လိုင်လီနောက်ခံလူ ယိုရိုကို ခေါ်ယူခဲ့ပြီးနောက် လီဂူးဝမ်းကနေပဲ နောက်ထပ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
အူဂါတီဟာ ယိုရိုနဲ့ အေးဂျင့်တူညီတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက်က အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ သဘောတူညီမှုရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းက ဥရုဂွေးသားအတွက် အနည်းဆုံး ပေါင်၅၉သန်း တောင်းဆိုထားတာကြောင့် ပြောင်းရွှေ့ကြေးသဘောတူညီမှုရဖို့ ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။
၂၃နှစ်သားဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ စပို့တင်းလစ္စဘွန်းကနေ ပီအက်စ်ဂျီထံ ပေါင်၄၂သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီက ဒီကစားသမားကို ရောင်းချမလားဆိုတာ မသေချာသေးတဲ့ အခြေအနေဖြစ်နေပါတယ်။ နှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပေမယ့် လက်ရှိအချိန်မှာတော့ အစောပိုင်းအခြေအနေသာ ရှိနေပါသေးတယ်။