
အန်းစလော့နဲ့ ယာဂန်ကလော့ပ်ကို ကြီးကြီးမားမားနှိုင်းယှဉ်ပြလိုက်တဲ့ အူနိုင်းအမ်မရီ
အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက ယာဂန်ကလော့ပ်ရဲ့ဂန္တဝင်မြောက်သက်တမ်းကာလနဲ့ နှိုင်းယှဉ်ရင် လက်ရှိကြိုးကြာနီတွေ ဘယ်လောက်အထိတိုးတက်ကောင်းမွန်လာသလဲဆိုတဲ့အချက်ကို ရှင်းပြရင်း လီဗာပူးနည်းပြသစ်အန်းစလော့ကို အပြည့်အဝချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ယာဂန်ကလော့ပ်က လီဗာပူးအသင်းကို ဥရောပအဆင့်ဗိုလ်လုပွဲသုံးခုဆီ ပို့ဆောင်ပေးခဲ့ပြီး နှစ်ပေါင်း ၃၀ ကြာစောင့်ဆိုင်းခဲ့ရတဲ့ အင်္ဂလန်ထိပ်တန်းလိဂ်ချန်ပီယံဆုကို ရယူနိုင်အောင် လမ်းပြပေးခဲ့သလို ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဆုဖလားကိုလည်း အသင်းနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ဂျာမန်သားကြီးက ပြီးခဲ့တဲ့နွေရာသီမှာတော့ အန်ဖီးလ်ထိုင်ခုံပူကြီးပေါ်မှ ဆင်းသွားခဲ့ပါတယ်။
အလားတူ အခုနှစ်ဘောလုံးရာသီ၊ အသင်းအတွက် စီနီယာကစားသမားတစ်ဦးသာ ခေါ်ယူထားခဲ့ပေမယ့် အန်းစလော့က လီဗာပူးအသင်းကို ပြည်တွင်းပြိုင်ပွဲတွေမှာရော၊ ဥရောပအဆင့်ပြိုင်ပွဲမှာပါ အကောင်းဆုံးဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ ကြိုးကြာနီတွေက အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်ကို ကျော်ဖြတ်နိုင်ရန် အကောင်းဆုံးအနေအထားတစ်ရပ်မှာ ရှိနေသလို ပုံစံသစ်ဖြင့်ကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေထဲမှာ ပါဝင်နေပါတယ်။
ဒတ်ချ်လူမျိုးနည်းပြကတော့ အခုအောင်မြင်မှုတွေအတွက် အုတ်မြစ်ချရာမှာ ယာဂန်ကလော့ပ်ရဲ့အခန်းကဏ္ဍကို အမြဲလိုလိုထောက်ပြနေခဲ့ပေမယ့် အူနိုင်းအမ်မရီကတော့ လီဗာပူးနည်းပြသစ်ရဲ့အကျိုးသက်ရောက်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒီည၊ ဗီလာပတ်ခ်မှာ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် စပိန်သားနည်းပြက “ယာဂန်ကလော့ပ်လက်ထက် လီဗာပူးအသင်းက အံ့မခန်းစွမ်းဆောင်ပြခဲ့ပါတယ်။ ဒါပေမယ့် အန်းစလော့လက်အောက်မှာတော့ သူတို့တွေက အရင်ထက်ပိုကောင်းအောင် စွမ်းဆောင်ပြနေပါတယ်။နည်းပြတစ်ဦးအဖြစ် သူတို့နဲ့ရင်ဆိုင်ရတာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်သလို သူတို့နဲ့ယှဉ်ပြိုင်ကစားရချိန် ပွဲအစီအမံတွေကို ဘယ်လိုစီစဉ်သွားမလဲဆိုတာလဲ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော် သူတို့တွေကို ချီးကျူးဂုဏ်ပြုပါတယ်။ သူတို့တွေမှာ ပြီးခဲ့တဲ့နှစ်နှစ်တာကာလထက်တောင် ပိုပြီးမြင့်မားတဲ့ စွမ်းဆောင်ရည်အဆင့်အတန်းမျိုး ရှိနေပါတယ်။ သူတို့တွေ အရင်ထက်ပိုကောင်းအောင် လုပ်ဆောင်ပြနေပါတယ်”လို့ ပြောပါတယ်။
ဘောလုံးရာသီတစ်ခုကို စံချိန်တွေချိုးဖျက်ကာ စတင်လာခဲ့ပြီးနောက် လီဗာပူးအသင်းအရှိန်အဟုန်က လတ်တလောသီတင်းပတ်တွေမှာ အနည်းငယ်ကျဆင်းသွားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ၊ ကလော့ပ်လက်ထက်နဲ့စာရင် အနည်းငယ်သာလွန်တဲ့အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅) ကစားပြီးချိန် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီ၊ လီဗာပူးအသင်းထက် အခုရာသီ၊ အန်းစလော့လက်အောက်အသင်းက သုံးမှတ်ပိုပြီး စုဆောင်းနိုင်ခဲ့ပါတယ်။ဒါပေမယ့် ယာဂန်ကလော့ပ်အသင်းက ရာသီနှောင်းပိုင်းမှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ကျဆင်းသွားခဲ့ပြီး ဒီလိုကြမ္မာဆိုးတွေကိုတော့ လက်ရှိလီဗာပူးအသင်းဆီမှာ မမြင်တွေ့ရသေးပါဘူး။