
မန်စီးတီးဆိုတာ ဂျူဗင်တပ်စ်နဲ့မတူညီတဲ့ အဆင့်အတန်းမျိုးမှာ ရှိနေတဲ့အသင်းပါလို့ ဝန်ခံလိုက်တဲ့ အီဂေါတူဒေါ
ဒီနေ့မနက်ပိုင်း၊ မန်စီးတီးကို ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အပြီး ဂျူဗင်တပ်စ်နည်းပြ တူဒေါက အခုအချိန်မှာ မန်စီးတီးနဲ့ရင်ဆိုင်ကစားဖို့ဆိုတာ သူတို့အသင်းအတွက် အလွန်ခက်ခဲပါတယ်လို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဂျူဗင်တပ်စ်က သရေရလဒ်ရရှိရုံနဲ့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်လှမ်းနိုင်မှာဖြစ်ပေမယ့် ခံစစ်ပိုင်းစွမ်းဆောင်ရည်ညံ့ဖျင်းမှုနဲ့အတူ ဂိုးပြတ်အရေးနိမ့်ကာ အုပ်စုဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
Sport Mediaset နဲ့ တွေ့ဆုံချိန် တူဒေါက “ မန်စီးတီးဆိုတာ ကျွန်တော်တို့အတွက် ဆင်နဲ့ဆိတ်လိုပါပဲ။ သူတို့အတွက် ဂုဏ်ပြုပေးပါတယ်။ ဒါက ရုပ်ဆိုးလွန်းလှတဲ့ ရလဒ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့လည်း မကြိုက်လှပါဘူး။ သူတို့ဆီမှာ အရည်အသွေးကောင်းတွေ၊ စရိုက်လက္ခဏာကောင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့လည်း တိုက်စစ်ကစားဖို့ စိတ်ကူးရှိခဲ့ပေမယ့် သူတို့ရဲ့ဘောလုံးပိုင်ဆိုင်ထားမှုကို ဘယ်လိုမှ မဖြိုဖျက်နိုင်ခဲ့ပါဘူး။ ဒီနောက်မှာတော့ ကျွန်တော်တို့လည်း ခံစစ်ထိုင်ဖို့ ဆုံးဖြတ်လိုက်ပြီး သူတို့က ဂိုးတွေသွင်းယူသွားကြပါတယ်။ ပြောရမယ်ဆိုရင် အခုအချိန်မှာ မန်စီးတီးက ကျွန်တော်တို့နဲ့ မတူညီတဲ့ အဆင့်အတန်းမျိုးမှာရှိနေတဲ့ အသင်းပါပဲ”လို့ ပြောပါတယ်။
ကလပ်အသင်းနှစ်ခုအကြား ဘဏ္ဍာရေးအင်အားကွာခြားမှုကြောင့် အခုလိုအဖြစ်မျိုး ကြုံတွေ့ခဲ့သလားဆိုတဲ့ မေးခွန်းကို တူဒေါက “ ဘောလုံးမှာ ဘာမဆိုလုပ်နိုင်စွမ်းရှိပါတယ်။ ကိုယ့်ထက်အများကြီးကောင်းတဲ့ ပြိုင်ဘက်ကိုတောင် အနိုင်ရရှိအောင်ကစားလို့ရပေမယ့် ဒီလိုလုပ်ချင်တယ်ဆိုရင် လန်းဆန်းမှုအပြည့်နဲ့ ထိုက်သင့်တဲ့ယှဉ်ပြိုင်ကစားနိုင်စွမ်းမျိုး ရှိရပါမယ်။ ဒါကပဲ ဘောလုံးကို လှပတဲ့ပြိုင်ပွဲတစ်ခု ဖြစ်စေပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီနေရာမှာ တူဒေါအတွက် စိုးရိမ်စရာအဖြစ် ဆိုးရွားလှတဲ့ခြေကျင်းဝတ်ဒဏ်ရာပြဿနာနဲ့အတူ ဗဟိုခံစစ်မှူး ဆာဗိုနာ ကွင်းတွင်းမှလူစားလဲထွက်ခွာလာတဲ့ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် ဆာဗိုနာရဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲခရီးစဉ် အဆုံးသတ်သွားနိုင်ပါတယ်။
တူဒေါက “ ဆာဗိုနာကိုကြည့်ရတာ အခြေအနေသိပ်မကောင်းပါဘူး။ ကျွန်တော်တို့ မနက်ဖြန်အထိ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုအဆင့်ပွဲစဉ်တွေ ပြီးဆုံးသွားပြီးနောက် ဂျူဗင်တပ်စ်က ရီးရဲလ်မက်ဒရစ်နဲ့ ၁၆-သင်းရှုံးထွက်အဆင့်မှာ ရင်ဆိုင်သွားရပါမယ်။