နွေရာသီအပြောင်းအရွှေ့အတွင်းမှာပဲ နယူးကာဆယ်ကနေ ထွက်ခွာသွားမယ့် ထရစ်ပီယာ
နယူးကာဆယ်ညာနောက်ခံလူ ကီရန်ထရစ်ပီယာဟာ ယခုနွေရာသီအပြောင်းအရွှေ့မှာပဲ အသင်းကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ နယူးကာဆယ်နဲ့စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး အသင်းဘက်ကလည်း စာချုပ်သက်တမ်းတိုးဖို့ စိတ်ဝင်စားခြင်းမရှိတာကြောင့် မကြာမီမှာပဲ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။ ထရစ်ပီယာဟာ လက်ရှိနယူးကာဆယ်ရဲ့ကစားပုံနဲ့ လိုက်လျောညီထွေမရှိသလို အသင်းအနေနဲ့လည်း သူ့နေရာမှာအစားထိုးနိုင်တဲ့ နောက်ခံလူ တီနိုလီဗရာမင်တိုရဲ့ အလားအလာရှိတဲ့တိုးတက်မှုတွေကြောင့် ထွက်ခွာခွင့်ပြုဖို့ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
The Nothern Echo ရဲ့အဆိုအရ ဝါရင့်နောက်ခံလူကို ဆော်ဒီပရိုလိဂ်ကလပ်တစ်ခုက စိတ်ဝင်စားနေပြီး ခေါ်ယူဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ ဒါ့အပြင် ကစားသမားကို စိတ်ဝင်စားနေတဲ့ ဆော်ဒီကလပ်က အနည်းဆုံး ၂ ခုအထိ ရှိနေတာကြောင့် ဆော်ဒီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ အပြိုင်အဆိုင် ကမ်းလှမ်းလာဖွယ်ရှိပါတယ်။
နယူးကာဆယ်ဘုတ်အဖွဲ့ကလည်း အပြောင်းအရွှေ့ကို အဆင်ပြေချောမွေ့စေဖို့ ကြိုးစားနေတာကြောင့် လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာပဲ တရားဝင်ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လာနိုင်ချေရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်မြူးနစ်က ထရစ်ပီယာကို ပေါင် ၁၃ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် နယူးကာဆယ်ဘက်က ပယ်ချခဲ့ပါတယ်။ သို့သော်လည်း ယခုနွေရာသီမှာတော့ ဘိုင်ယန်မြူးနစ်အနေနဲ့ နောက်ခံလူကို နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်ဖို့ အလားအလာမရှိဘူးလို့သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ နယူးကာဆယ်မှာ လစာအမြင့်မားဆုံးရရှိနေတဲ့ ကစားသမားစာရင်းထဲမှာပါဝင်နေတာကြောင့် ရောင်းချနိုင်ခဲ့မယ်ဆိုရင် အသင်းအနေနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ အတော်အသင့် ကာမိစေမှာဖြစ်ပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ထရစ်ပီယာဟာ လက်ရှိအချိန်မှာတော့ နယူးကာဆယ်အသင်းနဲ့ ပြန်လည်ချိတ်ဆက်နိုင်ခြင်းမရှိသေးပါဘူး။
ကစားသမားဟာ စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲတစ်ပွဲကလွဲပြီး အင်္ဂလန်ရဲ့ ယူရိုပွဲစဉ်တွေ အားလုံးကို ပွဲထွက်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ထရစ်ပီယာဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ အက်သလက်တီကိုမက်ဒစ်မှ နယူးကာဆယ်သို့ စတင်ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၉၂ ပွဲကစားကာ ၄ ဂိုးသွင်းယူပေးထားပါတယ်။