
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက သူ့ရဲ့ကစားသမားဘဝမှာ အဆိုးဝါးဆုံးရာသီဖြစ်ခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ဇင်ချန်ကို
အာဆင်နယ်အသင်းရဲ့ဘယ်နောက်ခံလူ အိုလက်ခ်ဆန်ဒါဇင်ချန်ကိုက ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ သူဟာ နည်းပြမီခေးလ်အာတီတာရဲ့ ယုံကြည်မှုကိုမရရှိခဲ့သလို၊ ပရီးမီးယားလိဂ်မှာလည်း ၅ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့တာကြောင့် ကစားသမားဘဝတစ်လျှောက် အဆိုးဝါးဆုံးဘောလုံးရာသီဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဇင်ချန်ကိုက သူ့အနေနဲ့ မကြာသေးမီရာသီအချို့မှာကတည်းက အာဆင်နယ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်ခဲခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီကတော့ အဆိုးဝါးဆုံးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ခံလူက နည်းပြအာတီတာဟာ သူ့ကိုမယုံကြည်တဲ့အပြင် သက်သေပြဖို့အတွက်လည်း အခွင့်အရေးမပေးခဲ့ဘူးလို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။
ဇင်ချန်ကိုက "အရင်ရာသီတွေတုန်းက ကျွန်တော်ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက အဲ့လောက်ဒဏ်ရာမရှိခဲ့ပါဘူး။ စက်တင်ဘာလထဲမှာပဲ ဒဏ်ရာအသေးစားတစ်ခုရခဲ့တာပါ။ ကျန်တဲ့အချိန်တွေမှာ တစ်ရာသီလုံး ကျွန်တော်ကြံ့ခိုင်မှုပြည့်ဝနေပါတယ်။ ဒါပေမယ့် ပွဲထွက်ကစားသမား ၁၁ ယောက်စာရင်းထဲမှာ ကျွန်တော့်ကို မထည့်သွင်းခဲ့ပါဘူး။ ကျွန်တော့်ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ပြီးခဲ့တဲ့ရာသီက အဆိုးဆုံးပါပဲ"
"ကစားခွင့်မရတဲ့ ဘောလုံးသမားက ဘာအဓိပ္ပာယ်မှမရှိပါဘူး။ နည်းပြကအယုံအကြည်မရှိတဲ့ ကစားသမားတစ်ယောက်အနေနဲ့ အသင်းမှာနေရာမရတော့လို့ အတော်လေးဝမ်းနည်းမိပါတယ်။ အရန်ခုံတန်းမှာထိုင်ပြီး လူးစားဝင်ကစားသမားအဖြစ်တောင် မကစားရလို့ ပိုပြီးတော့ ခံရခက်စေပါတယ်။ ကစားသမားတိုင်းက ကွင်းထဲမှာဘောလုံးကစားရဖို့ပဲ လိုချင်တာပါ။ ဒါကြောင့် မကစားရတဲ့အချိန်တွေကဘဝရဲ့ကြီးမားတဲ့အစိတ်အပိုင်းကြီးတစ်ခု ပျောက်ဆုံးနေသလိုပါပဲ။ အသင်းအနေနဲ့ ကျွန်တော့်လိုကစားသမားကိုအလိုမရှိဘဲ အခြားကစားသမားကိုအလိုရှိနေတာကတော့ ခံစားရခက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အပြောင်းအရွှေ့သတင်းတွေအရ ဖူလ်ဟမ်ဟာ ယခုနွေရာသီအတွင်း ဇင်ချန်ကိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အာဆင်နယ်အနေနဲ့လည်း ယူကရိန်းလက်ရွေးစင်ကိုရောင်းချဖို့ လမ်းဖွင့်ထားပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းသာ သတ်မှတ်ထားတာဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိတော့ ဖူလ်ဟမ်ဘက်က အပြောင်းအရွှေ့အတွက် တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားခြင်းမရှိသေးပါဘူး။
လာမယ့်တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်ဟာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပွဲဦးထွက်မှာ အနိုင်ရလဒ်ကို ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။