သူ့အလုပ်ကို ပိုလေးစားမှုရှိဖို့ တောင်းဆိုလိုက်တဲ့ တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက သူ့အလုပ်ကို ပိုလေးစားမှုရှိဖို့ တောင်းဆိုလိုက်ပါတယ်။ တော့တင်ဟမ်ဟာ ကာရာဘောင်ဖလားကွာတားဖိုင်နယ်မှာ ယူနိုက်တက်ကို ၄-၃ နဲ့အနိုင်ရခဲ့ပြီးနောက် ၂ ပွဲဆက်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အဆိုပါအနေအထားမှာ ပိုစတီကိုဂလူက သူ့အနေနဲ့ လေးစားမှုနဲ့ထိုက်တန်တယ်လို့ မခံစားရကြောင်း ယုံကြည်နေပါတယ်။သြစတြေးလျသားဟာ သူ့ရဲ့တိုက်စစ်အတွေးအခေါ်ကြောင့် လူသိများသလို အချို့အခြေအနေတွေမှာ အင်္ဂလိပ်ဘောလုံးလောကမှာ လေ့ကျင့်နေတယ်လို့ မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။ သတင်းထောက်တွေကို ပြောကြားရာမှာ ပိုစတီကိုဂလူက “အခုလိုဖြစ်တာက ကျွန်တော့်နည်းပြဘ၀ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ မြက်ခင်းပေါ်မှာ ၂၆ နှစ်လောက်ရှိခဲ့တဲ့နည်းပြတစ်ဦးအနေနဲ့ အနည်းငယ်လောက် လေးစားမှုခံရသင့်ပါတယ်။
ပြီးတော့ အခုလိုဖြစ်နေတာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ အခြားနည်းပြတွေမှာဖြစ်နေတာတွေလည်း မြင်ခဲ့ရပါတယ်။ အူနိုင်းဆီမှာဖြစ်တာလည်း မြင်ခဲ့ရပါတယ်။
အဲ့နောက် နူနိုဒီမှာရှိနေတုန်းကလည်း ဖြစ်ခဲ့တာကို မြင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်က လူတွေအကြောင်း ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ ပရိသတ်အပြင် အခြားသူတွေဆီကနေ လေးစားမှုကို မမြင်ခဲ့ရပါဘူး။ လူတွေမှာ အမြင်အမျိုးမျိုးရှိတာက ကောင်းပါတယ်။ အဲ့တာက သာမန်ပါပဲ။ အဲ့တာက အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ချို့အရာတွေမှာ အထင်အမြင်သေးသလိုဖြစ်နေပါတယ်”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ယူနိုက်တက်နဲ့ပွဲမှာ ၃ ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေပြန်ပေးလိုက်ရပြီး အဆုံးသတ်မှာမှ ၄-၃ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ရလဒ်အရ တော့တင်ဟမ်ရဲ့တိုက်စစ်က အလုပ်ဖြစ်ခဲ့တယ်လို့ ထင်ခဲ့ရပေမယ့် နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး ကာရေဂါက ပိုစတီကိုဂလူဟာ သူ့အသင်းနည်းစနစ်ကို ဘယ်တော့မှအပြောင်းအလဲမလုပ်ဘူးလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
“ကျွန်တော် တော့တင်ဟမ်ကို ဝေဖန်တာက နည်းပြအနေနဲ့ ဘယ်တော့မှနည်းစနစ်အပြောင်းအလဲမလုပ်တာကိုပါ။ သူတို့ ပွဲကိုဘယ်လိုကစားလဲဆိုတာ ပြဿနာမဟုတ်ပါဘူး။
၁ မိနစ်ကနေ မိနစ် ၉၀ အထိ တစ်သတ်မှတ်တည်းမကစားသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ကာရေဂါရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ပိုစတီကိုဂလူက “ဂျင်မီ သူငယ်ချင်းရေ။ ခင်ဗျားအနေနဲ့ နာမည်တပ်ပြောနိုင်ပါတယ်။ လူတွေက ကျွန်တော့်ကို ပြောတယ်ဆိုတာကို ကျွန်တော် ကြိုက်ပါတယ်။
အဲ့တာက ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ကြည့်လိုက်ပါ။ အားလုံးက တရားဝင်ပါ။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ဆီကနေ ဘာလုပ်ရမယ်ဆိုတဲ့အမြင်ကို မလိုချင်ပါဘူး။
ကျွန်တော့်ချဉ်းကပ်ပုံကို ခင်ဗျားသဘောတူလား ဒါမှမဟုတ် မတူဘူးလားဆိုတာ ပြဿနာမရှိပါဘူး။ ကျွန်တော် ပြောသလို အားလုံးကအဆင်ပြေပါတယ်။ လူတွေက ပွဲအကြောင်း အချက်အလက်တွေပြောတာကို ကျွန်တော်သဘောကျပါတယ်။
ဒီအသင်းအတွက် အဲ့တာက လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော့်ထက် ဒီအသင်းအကြောင်း ဘယ်သူမှပိုမသိနိုင်ပါဘူး။ ကျွန်တော် အချက်အလက်တွေကို သဘောကျပါတယ်။ ခင်ဗျားအနေနဲ့ ဝေဖန်ဖို့ ပြင်ဆင်မယ်ဆိုရင် သေချာလေးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲ့တာက အရေးကြီးပါတယ်။
မှန်ကန်တဲ့ဘက်ကနေ ပြောပြမယ်ဆိုရင် အဲ့တာက အဆင်ပြေစေပါတယ်။ ဂျင်မီဆိုရင် သူ့အမြင်ကိုပြောပြနေတာပါ။ အဲ့တာက အဆင်ပြေပါတယ်။ တစ်ချို့တွေကတော့ သူ့အမြင်ထက် ဝေဖန်ဖို့ပဲတွေးနေတာပါ”လို့ ဖြေကြားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းနဲ့ပွဲကျပ်ကန်ရမှာဖြစ်ပြီး လက်ရှိအမှတ်ပေးဇယားမှာတော့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။