
လီဗာပူးကို ရှုံးနိမ့်ပြီးနောက် သူ့ရဲ့ကစားသမားတွေအတွက် အဓိကသင်ခန်းစာကို ထောက်ပြသွားတဲ့ ပိုစတီကိုဂလူ
ဒီနေ့မနက်ပိုင်း၊ လီဗာပူးကို ၄-၀ ဂိုးဖြင့် လွယ်လင့်တကူရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ကစားသမားတွေက ကာရာဘောင်းဖလားဖိုင်နယ်တက်ရောက်နိုင်ဖို့အတွက် မိမိကိုယ်ကို အခွင့်အရေးတစ်ခုတစ်လေတောင် မပေးခဲ့ဘူးလို့ တော့တင်ဟမ်နည်းပြပိုစတီကိုဂလူက ပြောပါတယ်။
ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပ-ကျော့)မှာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ရလဒ်ပိုင်းအသာစီးရထားတဲ့ တော့တင်ဟမ်က အန်ဖီးလ်ကွင်းပွဲစဉ်မှာတော့ ဂတ်ပို၊ မိုဆာလက်၊ ဆိုဘိုဆလိုင်း၊ ဗန်ဒိုက်တို့ရဲ့သွင်းဂိုးတွေနဲ့ ထိုးနှက်ခံခဲ့ရပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အန်းစလော့ရဲ့အသင်းက နောက်လ၊ ဝင်ဘာလေကွင်းမှာ နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် ဖိုင်နယ်ပွဲစဉ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ ပိုစတီကိုဂလူကတော့ သူ့အသင်းဟာ ပထမအကျော့ရလဒ်ပိုင်းအသာစီးရရှိမှုကို ထိန်းသိမ်းဖို့သာ ကြိုးစားခဲ့ပြီး ခံယူချက်နဲ့ စိတ်အားထက်သန်မှုတွေ ကင်းမဲ့ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ပွဲစဉ်အပြီး ပိုစတီကိုဂလူက “ကျွန်တော်တို့မှာလည်း ဗိုလ်လုပွဲတက်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခုရှိခဲ့လို့ ဒီညကတော့ စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ကစားသမားတွေက ပြိုင်ပွဲရဲ့အခုလိုအဆင့်မျိုးဆီ မကြာခဏရောက်လေ့မရှိပါဘူး။ စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် ပိုပြီးစိတ်ပျက်စရာကောင်းတာက ကျွန်တော်တို့ပုံစံအတိုင်း မကစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ကျွန်တော်တို့အတွက်လည်း အခွင့်အရေးတစ်ခု ရှိနိုင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒီနေရာမှာ သင်ခန်းစာအချို့ရရှိခဲ့ပြီး ကျွန်တော်တို့ သင်ယူသွားရပါလိမ့်မယ်။
အဓိကသင်ခန်းစာကတော့ ကိုယ်လိုချင်တဲ့အချက်ကို ရယူခြင်းထက် ရလဒ်ကိုသာ အဓိကကာကွယ်သွားမယ်ဆိုတဲ့အမြင်မျိုးနဲ့ အခုလိုမျိုးပွဲစဉ်ကို ချဉ်းကပ်လို့ မရဘူးဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို ကစားသမားတွေကိုယ်တိုင်လည်း သင်ခန်းစာယူသွားလိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ ဒီအတွက် သူတို့လည်း စိတ်ပျက်နေမယ်ဆိုတာ သေချာပါတယ်။ ဗိုလ်လုပွဲတက်ရောက်ခွင့်ဆုံးရှုံးရခြင်းလိုပဲ ပိုပြီးနာကျင်စရာကောင်းတာက ကျွန်တော်တို့ရဲ့ဒီညစွမ်းဆောင်ရည်ပိုင်းနဲ့အတူ ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးတစ်ခုတောင် မပေးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့က အသင်းတစ်ခုကို တည်ဆောက်ပြီး အပတ်စဉ်တိုင်း ကစားနေကျပုံစံမျိုးနဲ့ ကစားသွားဖို့ပဲ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့တွေ ပြိုင်ဘက်ကို ဖိအားပေးပြီး စုစည်းလို့မရအောင် ကြိုးစားခဲ့ပေမယ့် တကယ်တမ်းတော့ အကောင်အထည်မပေါ်လာခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာလည်း ယုံကြည်ချက်တွေ ပျောက်ဆုံးနေခဲ့သလို ဒါကြောင့်ပဲ ပွဲကိုထိန်းချုပ်နိုင်ဖို့ ပြိုင်ဘက်ကို ခွင့်ပြုပေးခဲ့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့အမှန်တကယ်မလုပ်ခဲ့တဲ့အရာတွေက အနည်းဆုံးတော့ ကျွန်တော်တို့အတွက် ဒီအဆင့်ကိုကျော်ဖြတ်နိုင်ဖို့ အခွင့်အလမ်းတစ်ခုတော့ ပေးသွားပါလိမ့်မယ်။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုအဖြစ် အမြဲတမ်းဖြစ်သွားခဲ့ပါပြီ။ သူတို့တွေက အရမ်းကောင်းတဲ့ ပြိုင်ဘက်ဖြစ်ပြီး အလွန်ပုံစံကောင်းရရှိနေတဲ့ ကစားသမားကောင်းတွေနဲ့အတူ အလွန်အထိုင်ကျကာ ကောင်းမွန်တဲ့အခိုက်အတန့်တစ်ခုမှာ ရှိနေပါတယ်။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ အခုထက်ပိုပြီး စိတ်အားထက်သန်မှုအပြည့် ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ခုကို ကိုယ့်ကိုယ်ကိုယ် ပေးစွမ်းနိုင်ပါလိမ့်မယ်။
ပွဲစဉ်ကိုထိန်းချုပ်ဖို့ ပြိုင်ဘက်ဆီခွင့်ပြုပေးခဲ့သလို စိတ်ကြိုက်ကစားခွင့်လည်း ပေးခဲ့ပါတယ်။ အဆုံးမှာတော့ သူတို့တွေက ကျွန်တော်တို့အတွက် အရမ်းကောင်းလွန်းတဲ့ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။