
ဆန်းဒါးလန်းနဲ့ပွဲစဉ်မတိုင်မီ ယူနိုက်တက်ကစားသမားတွေကို ထူးခြားတဲ့တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ ဆန်းဒါးလန်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာ အသင်းရဲ့ကစားသမားကိုလည်း နှလုံးရောဂါရစရာပွဲစဉ်မျိုး ထပ်မဖြစ်စေဖို့ တောင်းဆိုခဲ့တယ်လို့ ယူနိုက်တက်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေအရ သိရပါတယ်။ ယခုရာသီမှာ ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့နေရတာကြောင့် နည်းပြအာမိုရင်အပေါ်မှာလည်း ဖိအားတွေတိုးနေပြီး ပေါ်တူဂီသားဟာ အသင်းအနေနဲ့ သက်တောင့်သက်သာနိုင်ပွဲရရှိစေဖို့ အလိုရှိနေခဲ့တာဖြစ်ပါတယ်။
ဆန်းဒါးလန်းကို ၂-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ ဒီရာသီ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာအကောင်းဆုံးပွဲစဉ်ဖြစ်ခဲ့သလို အာမိုရင်အတွက်လည်း ရင်အေးစရာဖြစ်စေခဲ့ပါတယ်။ အာမိုရင်အနေနဲ့ ယူနိုက်တက်ရဲ့ပုံစံကို တသမတ်တည်းလိုချင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့ အနိုင်တာမျိုးမဟုတ်ဘဲ ပွဲကိုအစအဆုံး ထိန်းချုပ်နိုင်တဲ့ပုံစံမျိုးကို မျှော်လင့်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်ဆန်းဒါးလန်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ အာမိုရင်မျှော်လင့်နေတဲ့ပုံစံမျိုးဖြစ်ခဲ့ပြီး ယူနိုက်တက်ဟာ တည်ငြိမ်တဲ့ပုံစံနဲ့ အိမ်ကွင်းမှာ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ပွဲပြီးကာနီးမှ come back နဲ့ပြန်လည်အနိုင်ယူခြင်းဟာ ပရိသတ်တွေအတွက် ပျော်စရာကောင်းပေမယ့် ကစားသမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းစေတယ်လို့ အာမိုရင်က ယူဆထားပါတယ်။
ယူနိုက်တက်ရဲ့ပြင်ပမှာ အာမိုရင်နဲ့ပတ်သက်ပြီး ထင်ကြေးတွေအမျိုးမျိုးထွက်ပေါ်နေပေမယ့် အသင်းရဲ့အတွင်းပိုင်းမှာတော့ ပေါ်တူဂီသားကို ထောက်ခံမှုတွေရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ လက်ရှိချန်ပီယံလီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဆန်းဒါးလန်းနဲ့တုန်းကလိုခြေစွမ်းမျိုး ဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရပါမယ်။