
အခုလိုပုံစံမျိုးနဲ့ပဲ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ တိုနီခရူးစ်
ရီးရဲလ်မက်ဒရစ်နဲ့ ကလပ်အသင်း ကစားသမားဘဝကို ချန်ပီယံလိဂ်ဖိုင်နယ်နိုင်ပွဲတစ်ခုနဲ့ ပိတ်သိမ်းနိုင်ခဲ့လို့ တိုနီခရူးစ်က ဝမ်းမြောက်ဝမ်းသာအောင်ပွဲခံခဲ့ပါတယ်။ ဒေါ့မွန်ကို အနိုင်ယူခဲ့တဲ့ ဗိုလ်လုပွဲအပြီး တိုနီခရူးစ်က ချန်ပီယံလိဂ်ဆုဖလား ခြောက်ကြိမ်တိုင်ကိုင်မြှောက်နိုင်တဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။
ဂျာမန်စနိုက်ပါလို့ အမည်ပြောင်ရထားတဲ့ ကွင်းလယ်လူက “အခုလိုပုံစံမျိုးနဲ့ လမ်းခွဲဖို့ပဲ ကျွန်တော် ဆန္ဒရှိခဲ့ပါတယ်။ အံ့မခန်းပတ်ဝန်းကျင်အငွေ့အသက်တွေနဲ့အတူ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ကျွန်တော် တကယ့်ကို ပျော်ရွှင်မိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်က ဗိုလ်လုပွဲကစားဖို့ကိုလည်း အာရုံစိုက်ထားခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲစဉ်ကို အနိုင်ရချင်ခဲ့ပြီး အခုသီတင်းပတ်တစ်ခုလုံး ပြင်ဆင်နေခဲ့တာပါ။ ပထမပိုင်း ပွဲချိန်တွေမှာ အကောင်းဆုံးဖြစ်မလာခဲ့ပါဘူး။
ဒါပေမယ့် အသင်းက အမြဲတမ်းရှေ့ဆက်သွားနိုင်ခဲ့တာကြောင့် ပြဿနာကြီးကြီးမားမား မရှိခဲ့ပါဘူး။ နိုင်ပွဲရယူဖို့အတွက် ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ အခုလိုပုံစံမျိုးနဲ့ ထွက်ခွာခွင့်ရရှိလို့ အလွန်ပျော်ရွှင်ကျေနပ်မိပါတယ်။ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းလည်း မရှိတော့ပါဘူး။ ဒီဆယ်စုနှစ်အတွင်း ကျွန်တော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေက လုံးဝမေ့ပစ်နိုင်စရာမရှိပါဘူး။ ဒီအတွေ့အကြုံတွေကို လွမ်းဆွတ်နေရဦးမှာပါ။ သီးခြားဘဝတစ်ခုကို တည်ထောင်လိုတဲ့ ဆန္ဒတစ်ခုကြောင့် ကစားသမားဘ၀ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော် သတိတရရှိနေပါလိမ့်မယ်။ ဒါပေမယ့် အခုလိုပုံစံမျိုးနဲ့ပဲ အသင်းနဲ့လမ်းခွဲချင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် အရမ်းပျော်ရွှင်ကျေနပ်မိပါတယ်”လို့ ပြောပါတယ်။
တိုနီခရူးစ်က ရီးရဲလ်မက်ဒရစ်အတွက် ၄၆၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ဆုဖလား ၂၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူက ၂၈ ဂိုး သွင်းယူခဲ့ပါတယ်။