The network connection is lost.

Banner Image

ပြင်သစ်ကိုယုံကြည်ချက်အပြည့်နဲ့ယှဉ်ပြိုင်သွားမယ်လို့ ပြောကြားလာတဲ့ တီဒက်စ်ကို

ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြ ဒိုမီနီကိုတီဒက်စ်ကိုက ယူရိုရှုံးထွက် ၁၆ သင်းအဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပြင်သစ်ကို ယုံကြည်ချက်အပြည့်နဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အသင်းရဲ့တိုးတက်မှုကိုလည်း ပြသသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

တီဒက်စ်ကိုရဲ့အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ယူကရိန်းကို ၀-၀ နဲ့သရေကျပြီး နောက်တစ်ဆင့်ကိုတက်လှမ်းလာနိုင်ခဲ့သော်လည်း အုပ်စုဗိုလ်မဟုတ်ခဲ့တဲ့အပြင် စွမ်းဆောင်ရည်ပိုင်းကလည်း ပရိသတ်တွေဝိုင်းဆဲရလောက်တဲ့အထိ စိတ်ပျက်စရာကောင်းခဲ့တာဖြစ်ပါတယ်။ သို့သော် တစ်ဖက်မှာ ဘယ်လ်ဂျီယံနဲ့ယှဉ်ပြိုင်ရမယ့် ပြင်သစ်ကလည်း ယူရိုပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းမပြသနိုင်သေးဘဲ ဂိုးသွင်းနိုင်ဖို့တောင် ရုန်းကန်နေရတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ တီဒက်စ်ကိုက “ပြိုင်ပွဲအစကတည်းက ကျွန်တော်တို့ ရဲရဲရင့်ရင့်ကစားချင်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီပွဲကိုလည်း ခိုင်မာတဲ့ယုံကြည်ချက်နဲ့ ယှဉ်ပြိုင်သွားပါမယ်။ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်အတွင်းမှာ ဒီယုံကြည်ချက်နဲ့အတူ ကျွန်တော်တို့ အလုပ်ကြိုးစားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်ချက်မရှိရင် ဘာမှဖြစ်မလာပါဘူး။ ဒါကြောင့် အသင်းကလူတိုင်းအနေနဲ့ ဒီပွဲမှာ ထိပ်တန်းခြေစွမ်းမျိုးပြသသွားနိုင်မယ်လို့ ယုံကြည်ထားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး တီဒက်စ်ကိုက သူ့အနေနဲ့ ပရိသတ်တွေရဲ့စိတ်ပျက်မှုကိုနားလည်သော်လည်း ပြင်သစ်နဲ့ပွဲမှာ အသင်းဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပေးကြလိမ့်မယ်ဆိုတာ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ တီဒက်စ်ကိုက “ပရိသတ်တွေက ဘာမဆိုလုပ်ခွင့်ရှိပါတယ်။ သူတို့မှာ စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေရှိနေရင် အကုန်လုံးကို ချပြနိုင်ပါတယ်။ ပရိသတ်တွေက ဘောလုံးပွဲလက်မှတ်အတွက် ပိုက်ဆံတွေအများကြီးပေးထားရတာဆိုတော့ ကိုယ်အားပေးတဲ့အသင်းက စိတ်ပျက်စရာကောင်းနေရင် စိတ်ပျက်တဲ့အကြောင်းကို ပြသမှာပါပဲ။ ဒါကပြဿနာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံဟာ ရိုမေးနီးယားအောက် အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းလာခဲ့တာဖြစ်ပြီး သွင်းဂိုး ၂ ဂိုးပဲသွင်းယူနိုင်ခဲ့သလို ပြင်သစ်ကလည်း အုပ်စု ၃ ပွဲမှာ OG ၁ ဂိုးနဲ့ ပင်နယ်တီသွင်းဂိုး ၁ ဂိုးသာရရှိခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း တီဒက်စ်ကိုကတော့ “ကျွန်တော်တို့  ၂ သင်းစလုံးက တန်ပြန်တိုက်စစ်တွေမှာ အခွင့်အရေးတွေအများကြီးဖန်တီးထားနိုင်ပေမယ့် ပိုင်ပိုင်နိုင်နိုင်အသုံးမချနိုင်ဘူးလို့ထင်ပါတယ်။ ကိန်းဂဏန်းတွေကိုပဲကြည့်ရင်တော့ ကျွန်တော်တို့က အားနည်းတယ်လို့ဆိုနိုင်ပေမယ့် ဒါက အမှန်မဟုတ်ပါဘူး။ ဘယ်လ်ဂျီယံနဲ့ပြင်သစ်တို့က ဂိုးရနိုင်ချေမှာတော့ အတော်လေးမြင့်မားတယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။