
ဘာစီလိုနာနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတဲ့ အင်တာကြယ်ပွင့်မားကပ်စ်သူရမ်
အင်တာမီလန်အသင်းက မားကပ်စ်သူရမ်မှာ ဒဏ်ရာပြဿနာတစ်ခုရှိနေတယ်လို့ အတည်ပြုကြေညာခဲ့ပြီး ဘာစီလိုနာနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝနေဖို့ ကစားသမားအနေဖြင့် ရုန်းကန်ရဖွယ်ရှိနေပါတယ်။
မားကပ်စ်သူရမ်က ပြီးခဲ့တဲ့ဗုဒ္ဓဟူးညပိုင်း၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်တာမီလန်အသင်းအတွက် နောက်ဆုံးအကြိမ်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ သူက ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ဘာစီလိုနာနဲ့ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်အဆင့်ဆီ သူ့အသင်းတက်ရောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ပေါင်ကြွက်သားပင်ပန်းနွမ်းနယ်မှုနဲ့အတူ သူရုန်းကန်နေရတယ်လို့ အသင်းဘက်မှ တရားဝင်ကြေညာလာပြီးနောက် လာလီဂါထိပ်သီးအသင်းနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ပါဝင်ကစားနိုင်ဖို့အရေး သံသယတွေကြီးထွားလာပါတယ်။
Sky Italia သတင်းဌာနရဲ့အဆိုအရ ပြင်သစ်ကစားသမားအနေဖြင့် အခုသီတင်းပတ်ကုန်အထိ အနားယူရဖွယ်ရှိနေပြီး အေစီမီလန်နဲ့တွေ့ဆုံမယ့်ကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ကိုလည်း လွဲချော်သွားနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘာစီလိုနာနဲ့ရင်ဆိုင်ရမယ့်ပထမအကျော့ပွဲစဉ်မတိုင်ခင် ရိုးမားနဲ့ပွဲစဉ်ကို သူ ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
အင်တာမီလန်က ဘိုင်ယန်မြူးနစ်ကိုကျော်ဖြတ်ကာ ချန်ပီယံလိဂ်ခရီးလမ်းကို ရှေ့ဆက်နိုင်ခဲ့ပေမယ့် စီးရီးအေချန်ပီယံဆုသိမ်းပိုက်နိုင်ရေးကိစ္စမှာတော့ အလုပ်တွေ အပြင်းအထန်ကြိုးစားအားထုတ်သွားဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ဆီမြွန်နီအင်ဇာဂီရဲ့အသင်းက မားကပ်စ်သူရမ်ရဲ့လိဂ်သွင်းဂိုး ၁၄ ဂိုးနဲ့အတူ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ သုံးမှတ်ဖြတ်ရပ်တည်နေပြီး မနက်ဖြန်(တနင်္ဂနွေနေ့)မှာတော့ ဘိုလော့ဂ်နာနဲ့အဝေးကွင်းပွဲကျပ်ကို ယှဉ်ပြိုင်ကစားသွားရပါမယ်။ ဒါကြောင့် အသင်းအတွက် သူရမ်ပါဝင်ကစားနိုင်ဖို့ မရှိချိန် အာနူတိုဗစ်နဲ့အစားထိုးဖို့ ရှိနေပါတယ်။
အင်တာမီလန်အသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ “ ဒီမနက်ခင်းပိုင်းမှာပဲ မားကပ်စ်သူရမ်ကို Istituto Humanitas di Rozzano မှာ ဆေးဘက်ဆိုင်ရာစစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီစစ်ဆေးချက်တွေအရ သူ့ရဲ့ဘယ်ပေါင်ကြွက်သားမှာ ပင်ပန်းနွမ်းလျမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ကစားသမားရဲ့အခြေအနေကို နေ့စဉ်စစ်ဆေးစမ်းသပ်သွားရပါလိမ့်မယ်”လို့ ဖော်ပြပါရှိပါတယ်။
အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သုံးဂိုးအထိ သွင်းယူထားနိုင်တဲ့ မားကပ်စ်သူရမ်ကိုယ်တိုင်လည်း ဘာစီလိုနာနဲ့ရင်ဆိုင်ရမယ့် ပထမအကျော့ပွဲစဉ်မတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝလာဖို့ မျှော်လင့်နေပါလိမ့်မယ်။ သူသာ ကြံ့ခိုင်မှုပြည့်ဝနေချိန်ဆိုရင် အင်တာမီလန်အနေဖြင့် ဘိုလော့ဂ်နာ၊ အေစီမီလန်တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေမှာ ဆုဖလားစိန်ခေါ်နိုင်မှုစွမ်းကို ဆက်လက်တိုးမြှင့်သွားဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်။