
နော်တင်ဟမ်ဖောရက်စ်အား အနိုင်ရပြီးနောက် ဂလေဇာမိသားစုအား ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ထောင်နှင့်ချီသော ယူနိုက်တက် ပရိသတ်များ
စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၁၉၅၈ အုပ်စုဟာ ဂလေဇာမိသားစုရဲ့ပိုင်ဆိုင်မှုကို ဆက်လက်ဆန့်ကျင်ကြောင်းပြသရန် ပရိသတ်တွေကို အိုးထရက်ဖို့ဒ်ကွင်းအတွင်း ဆက်လက်ရှိနေဖို့ တောင်းဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ရပြီးနောက် ပွဲသိမ်းဝီစီမှုတ်ပြီးနောက် လူထောင်ပေါင်းများစွာသော ပရိသတ်တွေဟာ ကွင်းထဲတွင် ရှိနေကြဆဲဖြစ်ပါတယ်။ ကစားသမားတွေ ဥမင်လိုဏ်ခေါင်းသို့ ဝင်ရောက်သွားချိန်တွင် ကွင်းအတွင်းဆက်လက်ရှိနေခဲ့ပြီး ဂလေဇာမိသားစု ထွက်သွားဖို့ အလိုရှိပါတယ်လို့ အော်ဟစ်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဂလေဇာမိသားစုဟာ ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျက်ဆင်ရဲ့ ပေါင် ၆ ဘီလီယံတန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ကလပ်ကို ရောင်းချရန် စဉ်းစားနေခဲ့ပါတယ်။ သို့သော်လည်း ပိုင်ရှင်အပြောင်းအလဲအတွက် ဆွေးနွေးမှုက ကြာလာသည်နှင့်အမျှ ပရိသတ်များက ဒေါသ ထွက်နေကြပြီး ရောင်းချမှု အမှန်တကယ် ဖြစ်လာဖို့ မည်သည့်အာမခံချက်မျှ မရှိနေတာဖြစ်ပါတယ်။
နောက်ဆုံးတွင် အားကစားကွင်းဟာ စတင်ရှင်းလင်းသွားခဲ့သော်လည်း ပွဲချိန်ပြည့်ပြီးနောက်ထပ် ၁ နာရီနီးပါး အထိ Stretford End ပွဲကြည့်စင်တွင် ပရိသတ်အများအပြားရှိနေဆဲဖြစ်ပါတယ်။ ဆန္ဒပြမှုက အသင်းအပေါ် သက်ရောက်မှုရှိစေနိုင်လားလို့ မေးမြန်းရာတွင် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က "ပရိသတ်တွေမှာ ဒီလိုထင်မြင်ချက်နဲ့ ရပိုင်ခွင့်ရှိပါတယ်" "ဒါပေမယ့် ပရိသတ်တွေနဲ့ အသင်းကြားမှာ အရမ်းခိုင်မာတဲ့ သံယောဇဉ်ရှိတယ်လို့ မြင်ပါတယ်။ ဒီမှာ ကျွန်တော့်ရှိနေတဲ့ အချိန်တစ်လျှောက်လုံး ပိုကောင်းလာခဲ့ပါတယ်" လို့ ပြန်ဖြေပါတယ်။
သရဲနီတွေဟာ ဖောရက်စ်ကို ၄ မိနစ်အတွင်း ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပြီး ဝုဗ်၊ တော့တင်ဟမ်တို့နဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်တွေမှာ မြင်တွေ့ခဲ့ရတဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်မျိုး ဆက်လက်တွေ့ခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဖြင့် အနိုင်ဂိုးမရရှိခင် တန်ဟက်ရဲ့အသင်းအတွက် အဲရစ်ဆင်၊ ကက်စ်မဲရိုးတို့က ဂိုးများသွင်းယူခဲ့ပါတယ်။
"ထိတ်လန့်စရာကောင်းတဲ့ အစပြုမျိုးရှိခဲ့ပေမယ့် အသင်းရဲ့စရိုက်လက္ခဏာက ကောင်းမွန်ပါတယ်" "ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ်နဲ့ စုဖွဲ့ထားတာပါ။ ကျွန်တော်တို့ရဲ့ယုံကြည်ချက်အတိုင်း ဆုပ်ကိုင်ထားကာ အကောင်းဆုံး ကစားခဲ့ပြီး သွင်းဂိုး ၃ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ come back ဖြစ်ခဲ့ပါတယ်"
"ဖောရက်စ်ကို လေစားမိပြီး ကျွန်တော်တို့က သူ့ရဲ့သွင်းဂိုးတွေကို ခွင့်မပြုခဲ့ရသင့်ပါဘူး။ ဂိုးတွေကို လွယ်လွယ်ကူကူပေးခဲ့ရသော်လည်း ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ်နဲ့ ပွဲကို အကောင်းဆုံးကစားသွားနိုင်ခဲ့ပါတယ်" "ဒါဟာ အမှတ်အသားတစ်ခုပါပဲ။ ဒီအသင်းက ပြန်ကောင်းလာနိုင်တယ်လို့ မြင်ပါတယ်။ ဒီလိုမျိုး စတင်ရပြီဆိုရင် အဲ့ဒါကို ကျော်ဖြတ်ဖို့လိုပါတယ်။ မလွယ်ကူပေမယ့် အသင်းကို ချီးကျူးမိပါတယ်" "ကျွန်တော်တို့မှာ စရိုက်လက္ခဏာကောင်းရှိပါတယ်။ အချို့သော အခိုက်အတန့်တွေမှာ သေချာပေါက် တိုးတက်ရာမှာဖြစ်သော်လည်း ယေဘူယျအားဖြင့် အသင်းမှာ တစ်ချိန်လုံး ပြန်ထနိုင်တဲ့ စရိုက်လက္ခဏာမျိုး ရှိပါတယ်"လို့ နည်းပြက ထပ်လောင်းပြောကြားခဲ့ပါတယ်။