
ဟယ်ရီကိန်းကို တော့တင်ဟမ်သို့ပြန်လည်ခေါ်ယူလိုကြောင်း ဝန်ခံပြောကြားလာတဲ့ သောမတ်စ်ဖရန့်ခ်
တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က သူ့အနေနဲ့ ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့သွားခဲ့တဲ့ ပရီးမီးယားလိဂ်တိုက်စစ်ကြယ်ပွင့်ဟောင်း ဟယ်ရီကိန်းကို အသင်းသို့ပြန်လည်ခေါ်ယူလိုကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ကိန်းဟာ ၂၀၂၃ နွေရာသီမှာ တော့တင်ဟမ်ကိုစွန့်ခွာပြီး ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့သွားခဲ့ကာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါအမှတ်ပေးဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကိန်းအနေနဲ့ ဂျာမနီမှာအခြေကျနေပြီဖြစ်ပေမယ့် ဖရန့်ခ်ကတော့ အခွင့်အရေးရှိပါက ကစားသမားကို တော့တင်ဟမ်သို့ပြန်လည်ခေါ်ယူလိုကြောင်း ပြောကြားလာခဲ့ပါတယ်။
သတင်းတွေအရ ကိန်းအနေနဲ့ လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်မှထွက်ခွာပါက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၇ သန်းအောက်သာရှိနိုင်တာကြောင့် တော့တင်ဟမ်အနေနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးရလာနိုင်တယ်လို့သိရပါတယ်။ ကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပြီး လက်ရှိ ဂိုးအများဆုံးသွင်းထားသူ အလန်ရှီးယားကိုလိုက်မီဖို့ ၄၇ ဂိုးသာလိုအပ်တော့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ၄ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပေမယ့် ကစားသမားဘဝ ဆုဖလားအောင်မြင်မှုရရှိခဲ့ပြီဖြစ်လို့ တော့တင်ဟမ်သို့ ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။
ယခုအခါမှာ ဖရန့်ခ်ကလည်း "ကျွန်တော်အပါအဝင် တော့တင်ဟမ်ပရိသတ်အတော်များများက ကိန်းပြန်လာတာကို မြင်ချင်ကြမှာပါပဲ။ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ ကျွန်တော့်အမြင်မှာတော့ သူ့အနေနဲ့ လောလောဆယ်မှာ ပြန်လာဖို့တော့မရှိပါဘူး။ ဘိုင်ယန်မှာဆက်နေပြီး ဆုဖလားတွေအတွက် ဆက်ပြီးတိုက်ပွဲဝင်နေဦးမှာပါ"
"ပြီးခဲ့တဲ့ရာသီက သူဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပြီး ဆုဖလားကိုလည်းရရှိခဲ့ပါတယ်။ သူ့ရဲ့လက်ရှိခြေစွမ်းက အမြင့်ဆုံးမှာရှိနေဆဲပါ။ သူဘာတွေတွေးနေမလဲတော့ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အသင်းကိုသူပြန်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ နွေးနွေးထွေးထွေးကြိုဆိုနေမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ကိန်းရဲ့အနာဂတ်က ဘယ်ကိုဦးတည်မလဲဆိုတာ လာမယ့်ဇန်နဝါရီလမှာ သိသိသာသာမြင်တွေ့သွားရဖွယ်ရှိနေပြီး အင်္ဂလန်သားကို တော့တင်ဟမ်မှာပြန်လည်မြင်တွေ့သွားရဖို့ အခွင့်အရေးရှိနိုင်ပါတယ်။ လာမယ့်သောကြာနေ့မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ဝါဒါဘရီမင်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တော့တင်ဟမ်ကတော့ ကြာသပတေးနေ့မှာ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဒွန်ကတ်စတာနဲ့ ယှဉ်ပြိုင်သွားရပါမယ်။