The network connection is lost.

Banner Image

အယ်လ်နာဆာနဲ့လမ်းခွဲမယ့်အကြောင်း ရော်နယ်ဒိုကြေညာ

အယ်လ်နာဆာစူပါစတားတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက အသင်းနဲ့လမ်းခွဲတော့မယ့်အကြောင်း အင်စတာဂရမ်မှတစ်ဆင့် ကြေညာလာခဲ့ပြီး ကစားသမားဘဝမှ အနားမယူသေးကြောင်းကိုပါ တစ်ခါတည်း အသိပေးခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်နောက်ဆုံးပွဲစဉ်မှာ အယ်လ်နာဆာအတွက် ဂိုးသွင်းယူပေးခဲ့ပြီးနောက် ၁ နာရီအကြာမှာပဲ အသက်-၄၀ နှစ်အရွယ်ကစားသမားဟာ ဆိုရှယ်မီဒီယာမှာ အခန်းကဏ္ဍတစ်ခုပြီးဆုံးသွားပြီဖြစ်ကြောင်း အဓိပ္ပာယ်ပါပါ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ 

အယ်လ်နာဆာမှထွက်ခွာတော့မယ့် ရော်နယ်ဒိုအနေနဲ့ ဘယ်ကိုဦးတည်မယ်ဆိုတာ အတိအကျသိရှိရခြင်းမရှိသေးဘဲ ကောလာဟလတွေအရတော့ ပေါ်တူဂီသားဟာ မေဂျာလိဂ်သို့မဟုတ် အသင်းဟောင်း စပို့တင်းလစ္စဘွန်းသို့ပြန်သွားနိုင်တယ်လို့ သိရပါတယ်။ 

အင်စတာဂရမ်မှတစ်ဆင့် ရော်နယ်ဒိုက "ဒီအခန်းကဏ္ဍကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဇာတ်လမ်းကတော့ ဆက်ရေးနေရဦးမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်" လို့ရေးသားထားခဲ့တာဖြစ်ပါတယ်။ သွင်းဂိုး ၁ ထောင်မပြည့်မချင်း ကစားသမားဘဝမှ အနားမယူကြောင်း ကြိုတင်ပြောကြားထားခဲ့တဲ့ရော်နယ်ဒိုဟာ မကြာသေးမီရက်သတ္တပတ်အချို့မှာ အယ်လ်နာဆာနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်းမရှိတာကြောင့် ယခုလာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာတော့ အလွတ်အေးဂျင့်ဖြစ်လာဖို့ရှိနေပါတယ်။ 

အယ်လ်နာဆာဟာ ဆော်ဒီပရိုလိဂ်မှာ ဆုဖလားဆွတ်ခူးဖို့ ကျရှုံးခဲ့ပြီး ထိပ်ဆုံးက အယ်လ်အစ်တီဟတ်နဲ့ ရမှတ် ၁၃ မှတ်အထိ ကွာဟခဲ့ပါတယ်။ အယ်လ်နာဆာဟာ ရော်နယ်ဒိုရောက်ရှိလာတဲ့ ၂ ရာသီအတွင်းမှာ ဆုဖလား ၁ ကြိမ်မှဆွတ်ခူးနိုင်ခဲ့ခြင်းမရှိလို့ အောင်မြင်မှုကိုရူးသွပ်တဲ့ ပေါ်တူဂီသားအနေနဲ့လည်း အသင်းကနေထွက်ခွာဖို့ ပိုမိုစိတ်အားထက်သန်လာခဲ့တာဖြစ်ပါတယ်။ 

အယ်လ်နာဆာအတွက်ကစားခဲ့တဲ့ စုစုပေါင်း ၁၁၁ ပွဲမှာ ရော်နယ်ဒိုဟာ ၉၉ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ရော်နယ်ဒိုဟာ ဂျာမနီနဲ့ယှဉ်ပြိုင်သွားရမယ့် နေရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားရတော့မှာဖြစ်ပါတယ်။ လာမယ့်ရက်သတ္တပတ်တွေမှာတော့ ယူနိုက်တက်ကြယ်ပွင့်ဟောင်းအနေနဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာအသိပေးသွားဖွယ်ရှိပါတယ်။