The network connection is lost.

Banner Image

မေဂျာလိဂ်ရဲ့ တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာတဲ့ မက်ဆီ

အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီဟာ မေဂျာလိဂ်ကစီစဉ်ကျင်းပတဲ့ အောစတားဘောလုံးပွဲမှာ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ရပြီး ယခုအခါမှာတော့ အဆိုပါပြစ်ဒဏ်ကို မကျေနပ်ကြောင်း တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ မက်ဆီနဲ့အတူ အင်တာမီယာမီအသင်းဖော် ဂျော်ဒီအယ်လ်ဘာတို့ဟာ မေဂျာလိဂ်အောစတားအသင်းမှာ ပါဝင်ဖို့ငြင်းပယ်ခဲ့ကြတာကြောင့် စင်စင်နာတီကို ၀-၀ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာ အင်တာမီယာမီအတွက် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ 

သို့သော်လည်းမက်ဆီဟာ ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာတော့ မီယာမီအတွက် ပြန်လည်ပွဲထွက်ကစားခဲ့ပြီး အသင်းအတွက်အရေးပါတဲ့ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ကာ အက်တလက်စ်ကို ၂-၁ နဲ့အနိုင်ရစေခဲ့ပါတယ်။ ပွဲအပြီးမှာ အာဂျင်တီးနားအသင်းခေါင်းဆောင်က "ဒီပွဲမှာကစားရတာမလွယ်ပါဘူး။ ကွင်းအပူချိန်က တော်တော်လေးမြင့်တက်ခဲ့ပါတယ်။ အသင်းရဲ့ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်မကစားခဲ့ရပါဘူး။ အနားယူရတာ ကောင်းတယ်လို့ထင်ရပေမယ့် ကျွန်တော့်အတွက်တော့ဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပုံမှန်ကစားနေဖို့လိုအပ်လို့ပါ"

"ကျွန်တော်က ပွဲတွေဆက်တိုက်ကစားရမှ ပွဲကစားရတဲ့အပေါ်အသားကျပြီး ကြံ့ခိုင်မှု ပိုကောင်းပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော့်ကို သူတို့ကစားခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့် ဒီပွဲရဲ့ပထမပိုင်းမှာ ကျွန်တော် ကွင်းနဲ့အသားမကျသလိုဖြစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆုံးမှာအနိုင်ရဖို့က အရေးကြီးဆုံးပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

မက်ဆီဟာ အင်တာမီယာမီနောက်ဆုံးသွင်းခဲ့တဲ့ ၂၇ ဂိုးမှာ ၂၁ ဂိုးအထိ ပါဝင်ပတ်သက်ထားသူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ အာဂျင်တီးနားသားဟာ အင်တာမီယာမီအတွက် လိဂ်ဖလားကိုဆွတ်ခူးပေးနိုင်ခဲ့ပြီး ယခုအခါမှာတော့ နောက်ထပ်တစ်ကြိမ်ဆွတ်ခူးပေးဖို့ အကောင်းဆုံးစွမ်းဆောင်ပြနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ဘောလွန်းဒီအော် ၈ ဆုရှင်က "ဒီပြိုင်ပွဲက အသင်းအတွက်ကောင်းမွန်တဲ့ပြိုင်ပွဲတစ်ခုပါ။ မက္ကဆီကိုအသင်းတွေနဲ့ကစားရတာ အသင်းအတွက် ကောင်းမွန်တဲ့စမ်းသပ်မှုတွေဖြစ်စေပါတယ်။ ပြိုင်ပွဲပုံစံကလည်း ပြောင်းလဲသွားပြီဆိုတော့ ကျွန်တော်တို့အတွက် ပိုကောင်းလာပါတယ်။ အနိုင်ရဖို့ကတော့ အသင်းအတွက် အရေးကြီးဆုံးပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ အင်တာမီယာမီဟာ နောက်ထပ်လိဂ်ဖလားပွဲစဉ်အဖြစ် အတ္တလန္တာကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရထားတဲ့ နီကာဇာနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။