The network connection is lost.

Banner Image

FIFPRO တစ်နှစ်တာအကောင်းဆုံးအသင်းမှာ မပါဝင်နိုင်ခဲ့တဲ့ လော်တာရိုမာတီနက်ဇ်

အာဂျင်တီးနားနဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အတွက် နောက်ထပ်ကြမ်းတမ်းခက်ထန်တဲ့ ငြင်းပယ်ခံရမှုတစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ ပရော်ဖက်ရှင်နယ်ဘောလုံးများအစည်းအရုံး(FIFPRO)ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းအတွက် စကာတင်စာရင်းမှာ စီးရီးအေကစားသမားတစ်ဦးမှ မပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။

လော်တာရိုမာတီနက်ဇ်က အင်တာမီလန်အသင်းအတွက် ၂၄ ဂိုးအထိသွင်းယူကာ စီရီးအေရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သလို စကူဒက်တိုချန်ပီယံအဖြစ်ပါ အောင်ပွဲခံနိုင်ခဲ့ခြင်းအပါအဝင် အခုနှစ်၊ ဘော်လွန်းဒီအော်ဆုအတွက် အဆင့်သတ်မှတ်ချက်အရ သတ္တမနေရာမှာ ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် သူက အခုနှစ်နွေရာသီ၊ ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ခြေစွမ်းပြကစားပေးခဲ့ပြီး သွင်းဂိုးငါးဂိုးနဲ့အတူ ပြိုင်ပွဲရဲ့သွင်းဂိုးအများဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

ဒီလိုအချက်အလက်တွေရှိပေမယ့် အသက်-၂၇ နှစ်အရွယ်တိုက်စစ်မှူးက FIFPRO ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းအတွက် စကာတင်ကစားသမားစာရင်းမှာတောင် မပါဝင်ခဲ့လို့ ဒီနှစ်အတွက် FIFPRO ရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းမှာ စီးရီးအေကစားသမားပါဝင်လာဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ဘောလုံးရာသီ၊ လေဗာကူဆင်နဲ့ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြသခဲ့သလို အခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုအဆင့်သတ်မှတ်ချက် ၁၄ မှာ ရပ်တည်ခဲ့တဲ့ အတ္တလန္တာတိုက်စစ်မှူးလွတ်ခ်မန်းလည်း အခုစကာတင်စာရင်းမှာ မပါဝင်လာခဲ့ပါဘူး။

FIFPRO ရဲ့တစ်နှစ်အကောင်းဆုံးအသင်းကို ပရော်ဖက်ရှင်ဘောလုံးသမားတွေရဲ့မဲပေးရွေးချယ်မှုဖြင့် ဂိုးသမားတစ်ဦး၊ နောက်ခံလူသုံးဦး၊ ကွင်းလယ်လူသုံးဦး၊ တိုက်စစ်မှူးသုံးဦးနဲ့အတူ အခြားမဲအများဆုံးရရှိတဲ့ကစားသမားတစ်ဦးတို့ပေါင်းစပ်ကာ ဖွဲ့စည်းတည်ဆောက်သွားမယ်လို့ သိရပါတယ်။ နောက်ဆုံးရွေးချယ်ခံရတဲ့ကစားသမား ၁၁ ဦးစာရင်းကို ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ကြေညာသွားပါလိမ့်မယ်။

၂၀၂၄ ခုနှစ် FIFPRO တစ်နှစ်တာအကောင်းဆုံးအသင်းအတွက် စကာတင်ကစားသမားစာရင်း
--------------------------------------------------------------------
ဂိုးသမားများ
-------------
အီဒါဆန် (မန်စီးတီး၊ ဘရာဇီး)
အီမီလီယာနိုမာတီနက်ဇ် (အက်စတွန်ဗီလာ၊ အာဂျင်တီးနား)
နူအာ (ဘိုင်ယန်မြူးနစ်၊ ဂျာမနီ)

ခံစစ်မှူးများ
------------
ကာဗာဂျယ်လ် (ရီးရဲလ်မက်ဒရစ်၊ စပိန်)
ရူဘင်ဒီယက်စ် (မန်စီးတီး၊ ပေါ်တူဂီ)
ဗန်ဒိုက် (လီဗာပူး၊ နယ်သာလန်)
ဖရင်ပေါင် (လေဗာကူဆင်၊ နယ်သာလန်)
ရူဒီဂါ (ရီးရဲလ်မက်ဒရစ်၊ ဂျာမနီ)
ဆာလီဘာ (အာဆင်နယ်၊ ပြင်သစ်)
ကိုင်လ်ဝေါ်လ်ကာ (မန်စီးတီး၊ အင်္ဂလန်)

ကွင်းလယ်လူများ
-------------------
ဘယ်လင်ဟမ် (ရီးရဲလ်မက်ဒရစ်၊ အင်္ဂလန်)
ဒီဘရိုင်း (မန်စီးတီး၊ ဘယ်လ်ဂျီယံ)
ဖိုဒန် (မန်စီးတီး၊ အင်္ဂလန်)
တိုနီခရူးစ် (ရီးရဲလ်မက်ဒရစ်၊ ဂျာမနီ)
မိုဒရစ် (ရီးရဲလ်မက်ဒရစ်၊ ခရိုအေးရှား)
မူစီယာလာ (ဘိုင်ယန်မြူးနစ်၊ ဂျာမနီ)
ရိုဒရီ (မန်စီးတီး၊ စပိန်)
ဗယ်လ်ဗာဒီ (ရီးရဲလ်မက်ဒရစ်၊ ဥရုဂွေး)

တိုက်စစ်မှူးများ
----------------
ဟာလန်း (မန်စီးတီး၊ နော်ဝေး)
ဟယ်ရီကိန်း (ဘိုင်ယန်မြူးနစ်၊ အင်္ဂလန်)
အမ်ဘာပေ (ပီအက်စ်ဂျီ/ရီးရဲလ်မက်ဒရစ်၊ ပြင်သစ်)
မက်ဆီ (အင်တာမီယာမီ၊ အာဂျင်တီးနား)
ကိုးလ်ပယ်လ်မာ (မန်စီးတီး/ချဲလ်ဆီး၊ အင်္ဂလန်)
စီရော်နယ်ဒို (အယ်လ်နာဆာ၊ ပေါ်တူဂီ)
ဗင်နီးစီးယက်စ် (ရီးရဲလ်မက်ဒရစ်၊ ဘရာဇီး)
ယာမယ်လ် (ဘာစီလိုနာ၊ စပိန်)