ဘောလွန်းဒီအော်ဆုအတွက် သူ့ကိုမဲမပေးခဲ့တဲ့လူတွေကြောင့် ပြောင်းလဲမှုရှိသွားမှာမဟုတ်ကြောင်း တုံ့ပြန်လာတဲ့ ဗင်နီစီးယက်စ်
ဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ကြီးများဖလား ဗိုလ်လုပွဲစဉ်မှာ ပါချူကာကို ၃-၀ နဲ့အနိုင်ရကာ ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာက ဘော်လွန်းဒီအော်ဆုအတွက် သူ့ကိုမဲမပေးခဲ့တဲ့လူတွေကြောင့် သူဘဝမှာ တစ်စုံတစ်ရာပြောင်းလဲမှုရှိမှာမဟုတ်ကြောင်း တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့သလို၊ အသင်းဖော် ခီလီယန်အမ်ဘာပေအတွက်လည်း ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာကြောင့် ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဗင်နီစီးယက်စ်ဟာ အင်္ဂါနေ့ကမှဆွတ်ခူးရရှိခဲ့တဲ့ ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအကြောင်း ပြောကြားလာခဲ့ပြီး ဆုဖလားအောင်မြင်မှုတစ်ခုလည်း ထပ်မံဆွတ်ခူးနိုင်ခဲ့တာကြောင့် အရမ်းကောင်းတဲ့ရက်သတ္တပတ်တစ်ခုကိုဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဘရာဇီးသားက “အရမ်းကောင်းတဲ့ရက်သတ္တပတ်ပါပဲ။ ကျွန်တော့်အတွက်ရော၊ ကျွန်တော်နဲ့အတူ ကလေးဘဝကတည်းက အတူတူကစားခဲ့တဲ့ အသင်းဖော်တွေအတွက်ရော အရမ်းအရေးကြီးတဲ့ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အတွက်အရာအားလုံးလုပ်ပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကိုကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒီပုံစံအတိုင်း အချိန်အကြာကြီးဆက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်”
“ရီးရဲလ်မက်ဒရစ်က အမြဲတမ်းထိပ်ဆုံးမှာပဲရှိချင်တဲ့အသင်းပါ။ ဒီနေ့ရရှိခဲ့တဲ့ဆုဖလားက ကျွန်တော်တို့အတွက် ဘာမှမဟုတ်ဘူး။ ကျွန်တော်တို့အသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားပြီးသားပါ။ ဒီဖလားက ကျွန်တော့်ရဲ့တတိယမြောက်ဖလားဖြစ်ပြီး ဒီအသင်းရဲ့အင်္ကျီနဲ့အတူ နောက်ထပ်အောင်မြင်မှုတွေ ဆွတ်ခူးချင်ပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။
၂၀၂၄ ဘောလွန်းဒီအော်ဆုကို မန်စီးတီးကွင်းလယ်လူ ရိုဒရီထံ အငြင်းပွားဖွယ်ဆုံးရှုံးလိုက်ရခြင်းနဲ့ပတ်သက်ပြီးတော့လည်း ဗင်နီစီးယက်စ်က “ကျွန်တော်က နေ့ရက်တိုင်းကို အေးအေးချမ်းချမ်းပဲကျော်ြဖတ်နေပါတယ်။ ကျွန်တော်ရောက်နေတဲ့ကလပ်က ရီးရဲလ်မက်ဒရစ်ပါ။ ဒီအသင်းမှာ ကျွန်တော့်ခေါင်းကိုငုံ့နေစရာမလိုပါဘူး။ အမြဲတမ်းအလုပ်ကြိုးစားနေခဲ့ပါတယ်။ ကျွန်တော့်ကိုမဲမပေးခဲ့တဲ့လူတွေကြောင့် ကျွန်တော့်ဘဝနဲ့ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအကြား ပြောင်းလဲမှုရှိသွားမှာမဟုတ်ပါဘူး။ ကျွန်တော်ဒီမှာ အားလုံးနဲ့အတူ ပုံမှန်အတိုင်း အလုပ်ကြိုးစားနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။