
မက်အယ်လစ္စတာရဲ့ကြံ့ခိုင်မှုပိုင်းနောက်ဆုံးအခြေအနေကို ရှင်းပြလာတဲ့ အန်းစလော့
အခုသီတင်းပတ်ကုန်၊ လီဗာပူးအသင်းရဲ့ရာသီပတ်ပွဲစဉ်ကို ဒဏ်ရာပြဿနာကြောင့် မက်အယ်လစ္စတာ ပါဝင်ကစားနိုင်ဖို့ မရှိဘူးလို့ အန်းစလော့က ရှင်းပြခဲ့ပါတယ်။ ကွင်းလယ်ကစားသမားက လတ်တလော ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့ပေမယ့် ဒီနေ့မနက်ပိုင်း၊ ဘရိုက်တန်နဲ့ပွဲစဉ်အတွက် ချန်ပီယံတွေရဲ့လူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအစပိုင်းအတွက် အဆင်သင့်ဖြစ်နေရန်အလို့ငှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာပြဿနာတစ်ရပ်ကို ကျော်လွန်နိုင်ရေးရည်ရွယ်ချက်ဖြင့် မက်အယ်လစ္စတာကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရှင်းပြပါတယ်။ ဒါကြောင့် အာဂျင်တီးနားကွင်းလယ်လူက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်ကိုလည်း လွဲချော်သွားပါလိမ့်မယ်။
လီဗာပူးနည်းပြက “ မက်အယ်လစ္စတာကတော့ အခုဘောလုံးရာသီမှာ ကျွန်တော်တို့အတွက် ပြန်ကစားပေးနိုင်ဖို့ မရှိတော့ပါဘူး။ လာမယ့်ဘောလုံးရာသီအတွက် အဆင်သင့်ဖြစ်နေဖို့နဲ့ ကြံ့ခိုင်မှု ပိုင်း လုံးဝပြန်ကောင်းလာစေဖို့ အခုလိုအခိုက်အတန့်မျိုးမှာ သူ အနားယူဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လာမယ့်ဘောလုံးရာသီမှာ ပြန်လာနိုင်ဖို့ဆိုတာလည်း သူ့အတွက်တော့ ပြဿနာတစ်ရပ် မဟုတ်ပါဘူး။
သူ့မှာရှိနေတဲ့ အာဂျင်တီးနားသားစိတ်ဓါတ်ပိုင်းနဲ့အတူ ဘောလုံးရာသီရဲ့ပန်းဝင်ချိန်ကာလတလျှောက်လုံး ကြိုးစားကစားခဲ့တယ်လို့ ထင်ပါတယ်။ ဘယ်တော့မှ အရှုံးမပေးသလို ဘာတွေပဲခံစားနေရပါစေ စိတ်ထဲမထားခဲ့ပါဘူး။ ဒါပေမယ့် အခုလိုစိတ်ဓါတ်မျိုးနဲ့ ကစားသမားတစ်ဦး ကစားနေတာ ဘယ်လိုမှ စမတ်မကျပါဘူး။ ကြီးမားတဲ့ဒဏ်ရာတစ်ခု မဟုတ်သလို စွန့်စားဖို့လည်း မလိုအပ်ပါဘူး”လို့ ပြောပါတယ်။