တစ်နှစ်စောင့်ဆိုင်းကာ ပက်ဂွါဒီယိုလာကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အက်ဖ်အေ
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးမှုအဖြစ် ပက်ဂွါဒီယိုလာကို ခန့်အပ်နိုင်ရေးအလို့ငှာ တစ်နှစ်သက်တမ်းရှိ ယာယီနည်းပြတစ်ဦးကို ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။ ယူရို-၂၀၂၄ ဗိုလ်လုပွဲ ရှုံးနိမ့်မှုအပြီး ဆောက်ဂိတ်က ရှစ်နှစ်နီးပါးတာဝန်ယူခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြတာဝန်ကို စွန့်လွှတ်မယ်လို့ ယမန်နေ့(အင်္ဂါနေ့)မှာ ကြေညာလိုက်ပါတယ်။
လတ်တလောမှာ အက်ဖ်အေက ဆောက်ဂိတ်ရဲ့နေရာဆက်ခံနိုင်ဖွယ်ရှိသူစာရင်းကို ပြုစုထားပြီး ဒီစာရင်းမှာ ဟိုဝီ၊ ဂရေဟမ်ပေါ်တာ၊ လီကာစလေနဲ့ ပိုချက်တီနိုတို့လို နာမည်ကျော်နည်းပြတွေ ပါဝင်နေပါတယ်။ ပရိသတ်တွေနဲ့ ဘောလုံး သုံးသပ်သူအများစုကတော့ ပက်ဂွါဒီယိုလာကို အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် မြင်တွေ့လိုကြပေမယ့် မန်စီးတီးနည်းပြကိုခေါ်ယူနိုင်ရေးဆိုတာ လက်တွေ့ထက် စိတ်ကူးယဉ်ဆန်တဲ့ကိစ္စတစ်ခုအဖြစ်သာ ရှုမြင်ခံခဲ့ရပါတယ်။
ဒီအတွက် အကြီးမားဆုံးအကြောင်းပြချက်တစ်ခုကတော့ စက်တင်ဘာလ၊ အင်္ဂလန်အသင်းရဲ့ပွဲစဉ်တွေ မစတင်ခင် နည်းပြသစ်ခန့်အပ်ဖို့ လိုအပ်မှုနဲ့ ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း အယ်တီဟတ်မှာ နောက်နှစ်၊ နွေရာသီကာလအထိ စာချုပ်သက်တမ်းရှိနေမှုတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက လာမယ့်ဘောလုံးရာသီကုန်ဆုံးချိန်မှာ မန်ချက်စတာအခြေစိုက်ကလပ်နဲ့လမ်းခွဲဖို့ ခံစားချက်တွေ တိုးပွားလာနေတယ်လို့ Independent သတင်းဌာနရဲ့အဆိုအရ သိရပါတယ်။
ဒါကြောင့် အက်ဖ်အေဘက်ကလည်း ၂၀၂၅ ခုနှစ်မှာ ပက်ဂွါဒီယိုလာကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းတစ်ခု ရှိနေမယ်ဆိုရင် အသက်-၅၃ နှစ်အရွယ်နည်းပြအတွက် အချိန်ပေးစောင့်ဆိုင်းသွားဖို့ ပြင်ဆင်နေပါတယ်။ ဒီကာလမတိုင်ခင်အထိ အက်ဖ်အေက နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ယာယီနည်းပြတစ်ဦး ခန့်အပ်သွားပါလိမ့်မယ်။ ဒါကြောင့် အင်္ဂလန်ယူ-၂၁ အသင်းနည်းပြ လီကာစလေအတွက် အခွင့်အလမ်းရှိလာပါလိမ့်မယ်။
အက်ဖ်အေက ပက်ဂွါဒီယိုလာ အဆင်သင့်မဖြစ်သေးမီ စီနီယာအသင်းနည်းပြဘ၀ အတွေ့အကြုံတွေရရှိဖို့ လီကာစလေကို အခွင့်အရေးပေးသွားနိုင်ပါတယ်။ ပက်ဂွါဒီယိုလာကလည်း အနာဂတ်မှာ နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြလောကဆီ သွားရောက်ဖို့ စိတ်ဝင်စားတယ်လို့ ယခင်ကတည်းကပင် ပြောကြားခဲ့ဖူးပြီး ဖိုဒန်၊ ဂျွန်စတုန်း၊ ပယ်လ်မာ၊ ဝေါ်လ်ကာတို့လို အင်္ဂလန်အသင်းရဲ့ ထိပ်တန်းကစားသမားတွေနဲ့ အလွန်ရင်းနှီးကျွမ်းဝင်တဲ့ဆက်ဆံရေးတစ်ရပ်ကို ထူထောင်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ပက်ဂွါဒီယိုလာက ကတ္တလန်ဒေသခံတစ်ဦးဖြစ်နေလို့ စပိန်လက်ရွေးစင်အသင်းကို တာဝန်ယူသွားဖို့ မရှိသလို ယူရို-၂၀၂၄ အောင်ပွဲ ရရှိထားတဲ့ စပိန်လက်ရွေးစင်အသင်း အနေဖြင့် သူ့ကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းပေးဖို့ ဆန္ဒမရှိနိုင်ပါဘူး။ ယနေ့ခေတ်ဘောလုံးကမ္ဘာမှာ အထင်ရှားဆုံး နည်းပြဖြစ်သလို ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးနည်းပြ စာရင်းမှာ ပါဝင်တဲ့ ပက်ဂွါဒီယိုလာအတွက် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းဖို့ဆိုတာ စွန့်စားလွန်းရာကျနေပါလိမ့်မယ်။
ပက်ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆု ခြောက်ကြိမ်အပါအဝင် ပြည်တွင်းအမှတ်ပေးချန်ပီယံဆု ၁၂ ကြိမ်၊ ပြည်တွင်းရှုံးထွက်ဖလားချန်ပီယံ ၁၀ ကြိမ်နဲ့ ချန်ပီယံလိဂ်ချန်ပီယံ သုံးကြိမ်အပြင် အခြားအောင်မြင်မှုများစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးကို လာမယ့်ဘောလုံးရာသီကုန်ဆုံးချိန်မှာ တာဝန်ယူဖို့ ဆုံးဖြတ်မယ်ဆိုရင် ပက်က နေးရှင်းလိဂ်ပြိုင်ပွဲနဲ့ လွဲချော်နိုင်ပေမယ့် ခြေစစ်ပွဲပုံစံပြောင်းလဲထားမှုနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကို လာမယ့်နှစ်၊ စက်တင်ဘာလမတိုင်ခင်အထိ မစတင်နိုင်သေးလို့ လွဲချော်သွားစရာအကြောင်းရင်း မရှိနိုင်ပါဘူး။
တဖက်မှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် နိုင်ငံခြားသားတစ်ဦးကို ငှားရမ်းဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။ လက်ရွေးစင်ကစားသမားဟောင်း ကာရေဂါက ကလပ်အသင်းအဆင့် အောင်မြင်မှုတွေကြောင့် နိုင်ငံ့လက်ရွေးစင်အသင်းအဆင့်အတွက် အောင်မြင်မှုတွေ မမျှော်မှန်းနိုင်ဘူးလို့ ဆိုပါတယ်။
“လက်ရွေးစင်အသင်းနည်းပြဆိုတာ ကိုယ်ရွေးချယ်ထားတဲ့ ကစားသမားတွေ၊ နည်းစနစ်တွေနဲ့ နေ့စဉ်လေ့ကျင့်ပြင်ဆင်ဖို့ အချိန်ကောင်းကောင်းရတယ်လို့ ထင်နေတဲ့ စိတ်ကူးယဉ်ကမ္ဘာကြီးမှာ နေထိုင်နေရသလိုမျိုးပါပဲ။ မေဂျာပြိုင်ပွဲတစ်ခုရောက်ရှိလာချိန်တိုင်း အဲ့ဒီလိုထင်မြင်မှုတွေက သဘာဝကျကျ ဖြစ်ပေါ်လာတက်ပါတယ်။ ယာဂန်ကလော့ပ်(သို့မဟုတ်)ပက်ဂွါဒီယိုလာတို့လို နည်းပြတွေတောင် သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ လုပ်ဆောင်ပြခဲ့တဲ့ ရလဒ်နဲ့ကစားဟန်မျိုး လက်ရွေးစင်အသင်းတစ်ခုနဲ့အတူ လုပ်ဆောင်ပြနိုင်လိမ့်မယ်လို့ အာမ,မခံနိုင်ပါဘူး။ ကျွန်တော်တို့တွေက ကာပယ်လိုကိုခန့်အပ်ခဲ့မှုအတွေ့အကြုံဆီမှ သင်ခန်းစာနည်းနည်လေးတောင် မယူနိုင်ကြတော့ဘူးလား?”လို့ ကာရေဂါက ဆိုပါတယ်။