The network connection is lost.

Banner Image

ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ဂျာမနီအသင်းနဲ့အတူ သူ့ရဲ့မနှစ်မြို့ဖွယ်အခြေအနေကို ဝန်ခံလာတဲ့ တာစတီဂန်

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီအသင်းရဲ့နံပါတ်-၁ ဂိုးသမား နူအာ ဖြစ်လာဖွယ်ရှိနေမှုနဲ့အတူ သူ့ရဲ့မနှစ်မြို့ဖွယ် အခြေအနေတစ်ခုအကြောင်းကို တာစတီဂန်က ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာ ဂိုးသမားက နည်းပြ နာဂယ်စ်မန်းရဲ့စိတ်ကြိုက်ရွေးချယ်မှုအဖြစ် နူအာ ရှိနေခြင်းကြောင့် အမိမြေမှာ ကျင်းပမယ့် နိုင်ငံတကာပြိုင်ပွဲကြီးမှာ အရန်ခုံမှာပဲ ရှိနေရခြင်းနဲ့အတူ ကျေနပ်နေရပါလိမ့်မယ်။ သူက နည်းပြဖြစ်သူရဲ့ အခုဆုံးဖြတ်ချက်အပေါ် လက်ခံပေးနိုင်ပေမယ့် သဘောမတူနိုင်ဘူးလို့ ဂျာမနီလက်ရွေးစင်အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ပွင့်ပွင့်လင်းလင်းဖွင့်ဟဝန်ခံခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် တာစတီဂန်က “ဒါက စိတ်ကျေနပ်စရာအခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နည်းပြရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီဖြစ်ပြီး ဒီအပေါ်မှာ သူနဲ့ကျွန်တော် အမြင်မတူဘူးဆိုရင်တောင် ဒီဆုံးဖြတ်ချက်ကို ကျွန်တော် လက်ခံသွားရပါမယ်”လို့ ပြောပါတယ်။

စိတ်ပျက်နေတဲ့တာစတီဂန်က နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝအနားယူမယ်ဆိုတဲ့ ကောလာဟလတွေကိုတော့ မဆိုင်းမတွ ပယ်ချသွားခဲ့ပါတယ်။

သူက “ကျွန်တော်လည်း နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြကို ပြောပြဖြစ်ခဲ့ပါတယ်။ တစ်ခုက အားကစားကဏ္ဍဖြစ်သလို တစ်ခုက လူသားခံစားမှုနဲ့သက်ဆိုင်တဲ့ ကဏ္ဍဖြစ်တယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ လူတိုင်းက ကျွန်တော့်ကို ယုံကြည်အားကိုးနေတာမျိုးပဲ ဖြစ်ချင်ပါတယ်။ အဆုံးမှာတော့ အသင်းနဲ့ပတ်သက်ပြီး တာဝန်တစ်ခုတော့ ရှိလာပါတယ်။ ကျွန်တော်တက်နိုင်သမျှ အသင်းကို ကူညီပေးသွားပါမယ်”လို့ ဆက်ပြောပါတယ်။

ဆက်လက်ပြီး အသက်-၃၂ နှစ်အရွယ်ဂိုးသမားက နူအာနဲ့ သူ့ရဲ့အကြား ဆက်ဆံရေးဟာ ပရော်ဖက်ရှင်နယ်ဆန်ဆန် အပြန်အလှန်လေးစားမှုအပြည့် ရှိနေဆဲဖြစ်တယ်လို့ အလျှင်အမြန်ပဲ ရှင်းပြသွားခဲ့ပါတယ်။

တာစတီဂန်က “ကျွန်တော်တို့နှစ်ဦးလုံးက ဂိုးသမားတွေဖြစ်နေတော့ နူအာနဲ့တော့ ဘာမှလုပ်စရာမရှိပါဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရလည်း ကျွန်တော်နဲ့ သူ့အကြား ဘာမှဖြစ်လာစရာမရှိပါဘူး။ သူ တစ်ခုခုဖြစ်သွားဖို့ သို့မဟုတ် အမှားတစ်ခုခုလုပ်မိဖို့ ကျွန်တော် ဘယ်တုန်းကမှ မဆုတောင်းခဲ့ပါဘူး။ ဒါမျိုးလုပ်လာရင် ကျွန်တော်မဟုတ်လို့ပါပဲ”လို့ ဆိုပါတယ်။

အမိမြေမှာကျင်းပမယ့် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးမှာ အရန်ဂိုးသမားအဖြစ် ဖြတ်သန်းရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ဆိုတာ တာစတီဂန်အတွက်တော့ ခက်ခဲလွန်းပါတယ်။ နူအာကိုယ်တိုင်လည်း သူတို့နှစ်ဦးအကြား ပရော်ဖက်ရှင်နယ်ဆန်ဆန်ပြိုင်ဆိုင်မှုကို အသိအမှတ်ပြုပြီး ကိုယ်ချင်းစာနာစိတ်အပြည့် ရှိနေခဲ့ပါတယ်။

နူအာက “ဂိုးသမားနေရာနဲ့ပတ်သက်လာရင် ဒါက လူတွေသိထားတက်တဲ့ ပြဿနာမျိုးပါပဲ။ ဂိုးသမားနှစ်ဦးကို တပြိုင်တည်းကစားခွင့်ပေးဖို့ ဘယ်နည်းပြကမှ မဆုံးဖြတ်နိုင်ပါဘူး။ ဆုံးဖြတ်ချက်တိုင်းက အမြဲလိုလိုခက်ခဲနိုင်ပါတယ်။ တာစတီဂန်ကိုယ်တိုင်လည်း ဒီအခြေအနေကို သိပါတယ်။ သူက ကမ္ဘာ့အဆင့်မီဂိုးသမားပီပီ တကယ့်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေ ပြသထားနိုင်လို့ စိတ်မကောင်းစရာပါလို့ပဲ ပြောရပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေက ဒီလုပ်ငန်းရဲ့အစိတ်အပိုင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ယူကရိန်းနဲ့ ရင်ဆိုင်ရတဲ့ ခြေစမ်းပွဲစဉ်မှာလည်း နူအာက Clean Sheet ရယူခြင်းဖြင့် သူ့ရဲ့ယုံကြည်စိတ်ချရမှုကို ပြသခဲ့ပါတယ်။ သူက ဇွန် ၁၄ ရက်၊ စကော့တလန်နဲ့ ရင်ဆိုင်ရမယ့် ဂျာမနီအသင်းရဲ့ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် လာမယ့်သောကြာနေ့၊ ဂရိနဲ့ခြေစမ်းပွဲစဉ်မှာလည်း ဆက်လက်ပါဝင်ကစားသွားပါလိမ့်မယ်။