နောက်ခံလူ ယိုရိုရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ တန်ဟက်
အာဆင်နယ်အသင်းနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူသစ် ယိုရိုရဲ့အခြေအနေဟာ အပေါင်းလက္ခဏာဆောင်နေတယ်လို့ တန်ဟက်က ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ အဆိုပါတက်သစ်စလူငယ်နောက်ခံလူကို ရီးရဲလ်အသင်းနဲ့အပြိုင် ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ လိုင်လီစတားဟောင်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက ရိန်းဂျားစ်နဲ့ ပွဲဦးထွက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ပွဲမှာတော့ ဂျီးဆပ်စ်ကို ဟန့်တားရင်း ဒဏ်ရာရရှိခဲ့ပါတယ်။
ပထမပိုင်းမပြီးခင်မှာပဲ ယိုရိုတစ်ယောက် ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရပြီး ယူနိုက်တက်က ဟွိုက်လန်းရဲ့သွင်းဂိုးနဲ့ ဦးဆောင်ထားတာဖြစ်ပါတယ်။ အဲ့နောက် ဒိန်းမတ်သားလည်း ဒဏ်ရာ ရရှိခဲ့ပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ရကာ တန်ဟက်က ၂ ဦးစလုံး အသေးစားဒဏ်ရာအခြေအနေပဲဖြစ်ဖို့ မျှော်လင့်နေပါတယ်။
“မှန်ပါတယ်။ အခြေအနေတော့မသိရသေးပါဘူး။ ကျွန်တော်တို့ ၂၄ နာရီလောက်စောင့်ရဦးမှာပါ။ အဲ့ထက်စောစောတော့ သိနိုင်ဖို့ မျှော်လင့်ပါတယ်။ ယိုရိုအခြေအနေကို ကျွန်တော်တို့ ပိုဂရုစိုက်ပါတယ်။ သူက လေ့ကျင့်ခန်း ၅၀% လောက်ပဲဆင်းရသေးတာပါ။ သူအခြေအနေကောင်းမယ်လို့ မျှော်လင့်ပါတယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ကို အရေးနိမ့်ခဲ့ပေမယ့်လည်း တန်ဟက်က မိမိတို့အသင်းဟာ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောကြားလိုက်ပါတယ်။ “တတိယမြောက်ရာသီကြို ခရီးစဉ်မှာ ၂ သင်းစလုံးဆီကနေ အရမ်းကောင်းတဲ့ အနေအထားကို မြင်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့က ပိုကောင်းခဲ့ပါတယ်။ ကျွန်တော် အရမ်းကောင်းတဲ့ ဂိုးတစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေ ဆက်လက်ဖန်တီးနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ လူကျွံအနေအထားကနေ ချေပဂိုးပေးလိုက်ရပါတယ်။ ဒီယေဂိုတစ်ယောက် အလျင်အမြန်တိုးတက်လာပါတယ်။ ကျွန်တော်တို့ လာမယ့်ရာသီကြိုခြေစမ်းပွဲတွေ အတွက် အဆင်သင့်ဖြစ်နေရပါမယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။