
ဒဏ်ရာ အခြေအနေကြားမှာပဲ ဒါဘီပွဲစဉ်ကို ရက်ရှ်ဖို့ဒ် ဝင်ကစားပေးခဲ့တယ်လို့ အတည်ပြုလိုက်တဲ့ တန်ဟက်
ယမန်နေ့၊ မန်ချက်စတာဒါဘီပွဲစဉ်ကို ရက်ရှ်ဖို့ဒ်နဲ့ အီဗန်စ်တို့ ဒဏ်ရာ အခြေအနေကြားမှာပဲ ဝင်ရောက်ကစားပေးခဲ့ပြီး ဒုတိယပိုင်း ပွဲချိန်တွေမှာတော့ သူတို့နှစ်ဦးလုံးကို လူစားလဲလှယ်ခဲ့ရတယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က အတည်ပြုပြောဆိုလိုက်ပါတယ်။
အယ်တီဟတ်ကွင်းမှာ ၃-၁ ဂိုးဖြင့် သရဲနီတို့ ရှုံးနိမ့်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့ ပွဲအစ ၈ မိနစ်သွင်းဂိုးနဲ့ အတူ ယူနိုက်တက်က ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ ဖိုဒန်(၂ ဂိုး)နဲ့ ဟာလန်းတို့ရဲ့သွင်းဂိုးတွေက ချန်ပီယံတွေအတွက် အထင်ကြီးလောက်စရာနိုင်ပွဲ တစ်ခုကို ပေးစွမ်းခဲ့ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ဒဏ်ရာပြဿနာတွေကြောင့် မန်ချက်စတာယူနိုက်တက်အတွက် ပွဲစဉ်ကို ရင်ဆိုင်နိုင်ဖို့အရေးမှာ ခက်ခဲသွားစေခဲ့ပါတယ်။
လတ်တလောရင်ဆိုင်နေရတဲ့ ပြဿနာအတွက် အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပေမယ့် တန်ဟက်ကတော့ ကြံ့ခိုင်မှုမပြည့်ဝနေချိန်မှာပင် ရက်ရှ်ဖို့ဒ်နဲ့ အီဗန်စ်တို့ အခုဒါဘီပွဲစဉ်ကို ဝင်ရောက်ကစားပေးခဲ့တယ်လို့ အတည်ပြုပြောဆိုပါတယ်။
Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် တန်ဟက်က “ကျွန်တော်တို့အသင်းမှာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိတဲ့ ကစားသမားနှစ်ဦး ပါဝင်ပါတယ်။ ဂျွန်နီအီဗန်စ်နဲ့ မားကပ်ရက်ရှ်ဖို့ဒ်ပါ။ ဒါပေမယ့် သူတို့နှစ်ဦးလည်း အခြားအသင်းဖော်တွေလိုပဲ အရာအားလုံးပေးဆပ်ခဲ့ပြီး ပွဲရလဒ်နဲ့ပတ်သက်လို့ စိတ်ပျက်မိခဲ့ကြပါတယ်”လို့ ပြောပါတယ်။
ဒီကစားသမားနှစ်ဦးရဲ့နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ တန်ဟက်က “ကျွန်တော်လည်း မသိရသေးလို့ မပြောပြနိုင်ပါဘူး။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးလုံးကို လူစားလဲလှယ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း သူတို့နှစ်ဦးလုံးကို ကွင်းထဲမှာ ဆက်ကစားပေးစေချင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစုဖွဲ့မှုက အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်လို့ပါ။ ရက်ရှ်ဖို့ဒ်က ခံစစ်ပိုင်းမှာလည်း ကောင်းကောင်းကစားခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ သူရဲ့စွမ်းဆောင်ရည်ကို သိရှိပြီး သူကိုယ်တိုင် နောက်ထပ်တစ်ဂိုးလောက် ထပ်သွင်းနိုင်ခဲ့သင့်ပါတယ်။ ဒီကစားသမားနှစ်ဦးက အခုပွဲစဉ်ကို ပါဝင်ကစားပေးခဲ့ပေမယ့် ပွဲချိန်မိနစ် ၆၀၊ ၇၀ လောက်မှာတော့ သူတို့ကို မဖြစ်မနေလူစားလဲလှယ်ဖို့ လိုအပ်လာပါတယ်။ ဒါက ကျွန်တော်တို့အတွက် အကျိုးမရှိစေပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။
အခုဒါဘီရှုံးနိမ့်မှုနဲ့အတူ TOP 4 နေရာနဲ့ ၁၁ မှတ်အထိ ကွာဟသွားပေမယ့် တန်ဟက်ကတော့ သူ့ရဲ့အသင်းကစားပုံ ကောင်းမွန်ခဲ့တယ်လို့ ယူဆနေပါတယ်။
သူက “ခြုံငုံသုံးသပ်ရမယ်ဆိုရင် ကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို နောက်ထပ်သွင်းဂိုး ရရှိမယ့်အခိုက်အတန့်တွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ခံစစ်ကိုလည်း ကောင်းကောင်းကွယ်နိုင်ခဲ့သလို ဂိုးပြန်မပေးရခင်အထိ ပွဲကို အဆုံးအဖြတ်ဖြစ်သွားစေမယ့် အခွင့်အရေး နှစ်ကြိမ်လောက် ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ ခင်ဗျားတို့လည်း စိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော်တို့တွေ ဒါကို လက်ခံပေးရမှာဖြစ်ပြီး အနည်းဆုံးတော့ တစ်မှတ်ရဖို့ အခွင့်အလမ်းတွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အနိုင်သုံးမှတ်အထိတောင် ဖြစ်သွားနိုင်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။