
အန်ဆယ်လော့တီနဲ့ အလွန်ဆိုတို့အကြား ကွာဟချက်ကို နှိုင်းယှဉ်ပြောပြလာတဲ့ ချူအာမန်နီ
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ချူအာမန်နီက အသင်းနည်းပြဟောင်းကာလိုအန်ဆယ်လော့တီနဲ့ လက်ရှိနည်းပြဇာဘီအလွန်ဆိုတို့အကြား ကွာဟချက်ကို နှိုင်းယှဉ်ပြောပြလာခဲ့ပါတယ်။
ချူအာမန်နီက နည်းပြနှစ်ဦးအကြား ကွာဟချက်မှာ အသက်အရွယ်သာဖြစ်တယ်လို့ဆိုပါတယ်။
ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူက "ကာလိုကအထင်ကြီးစရာနည်းပြဘဝကို ပုံဖော်ထားနိုင်သူတစ်ယောက်ပါ။ ကျွန်တော်တို့အတွက် ဆုဖလားအောင်မြင်မှုတွေအများကြီးယူပေးခဲ့ပါတယ်။ အခြားတစ်ဖက်မှာ အလွန်ဆိုကတော့ ငယ်ရွယ်ပြီး ဆန်းသစ်တဲ့အိုင်ဒီယာတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့သူ့ရဲ့ဦးဆောင်မှုအောက်မှာ တဖြည်းဖြည်းချင်း အသားကျလာခဲ့ပါပြီ" လို့ ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို အလွန်ဆိုစတင်ကိုင်တွယ်ပြီးနောက်မှာ ချူအာမန်နီရဲ့ အခန်းကဏ္ဍကလည်း အတော်လေးတိုးတက်လာခဲ့ပြီးခြေစွမ်းပိုမိုပြသလာနိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်ကိုအနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ချူအာမန်နီဟာ ဗဟိုခံစစ်မှူးတစ်ဦးအဖြစ် ပွဲထွက်ကစားခဲ့ပြီးနေရာသစ်မှာ အသင်းကို အကောင်းဆုံးကူညီနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ပြင်သစ်သားက "ဂျူဗင်တပ်စ်နဲ့ပွဲမှာ ကျွန်တော် ဗဟိုခံစစ်မှူးအနေနဲ့ပွဲထွက်ခဲ့ပြီးနောက်ပိုင်းကျမှ ကွင်းလယ်ကို နေရာ ပြောင်းကစားခဲ့ပါတယ်။ ဘယ်နေရာပဲဖြစ်ဖြစ်အရေးကြီးဆုံးက ကွင်းထဲမှာရှိနေဖို့ပါပဲ။ ပြီးတော့ နည်းပြရဲ့ညွှန်ကြားချက်အတိုင်း ကစားနိုင်ဖို့ပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်နဲ့ပွဲစဉ်အပြီးမှာ ချူအာမန်နီနဲ့ပတ်သက်ပြီး အလွန်ဆိုကလည်း "သူက ကွင်းလယ်မှာရောနောက်တန်းမှာပါကစားနိုင်တဲ့ စွယ်စုံရကစားသမားပါ။ ပွဲရဲ့လိုအပ်ချက်အပေါ်မူတည်ပြီးပြောင်းလဲကစားရပါမယ်။ သူ့မှာ ထက်မြက်တဲ့ကစားကွက်အမြင်လည်းရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။