အကန်ဂျီရဲ့ ပင်နယ်တီလွဲချော်မှုအပေါ် ဖြေသိမ့်ပေးခဲ့တဲ့ ဆွစ်ဇာလန်နည်းပြ
ဆွစ်ဇာလန်နည်းပြ မူရတ်ယာကင်က ယမန်နေ့ညက အင်္ဂလန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ အသင်းရဲ့နောက်ခံလူ မန်နူရယ်အကန်ဂျီကို ဒါဟာ ဘောလုံးပွဲတစ်ပွဲသာဖြစ်တယ်လို့ ဖြေသိမ့်ပေးခဲ့ပြီး လွဲချော်မှုကိုမေ့ပစ်ကာ ကိုယ့်ရဲ့တောက်ပြောင်တဲ့စွမ်းဆောင်ရည်အပေါ်သာ အာရုံစိုက်ထားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မိနစ် ၉၀ အတွင်း ၁-၁ နဲ့သရေကျခဲ့တဲ့အပြင် အချိန်ပို မိနစ် ၃၀ အတွင်းမှာလည်း အရှုံးအနိုင် အဖြေမပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ပါတယ်။ ပင်နယ်တီမှာတော့ အကန်ဂျီက ပထမဆုံးကန်ခွင့်ရတဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် အဆုံးမှာ အင်္ဂလန်က ၅-၃ နဲ့အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ယာကင်က "ကစားသမားတွေကို ကိုယ်တိုင်တာဝန်ပေးပြီးမှ သူတို့ရဲ့ လွဲချော်မှုအပေါ် စိတ်ဆိုးလို့မရပါဘူး။ အထူးသဖြင့် အကန်ဂျီလို ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်ရည်ပြသထားနိုင်တဲ့ ကစားသမားမျိုးကိုပေါ့။ ကျွန်တော့်အနေနဲ့ သူ့အတွက် ဖြေသိမ့်စရာ စကားတွေအများကြီးမရှိပါဘူး။ သူ့ရဲ့ ခြေစွမ်းကြောင့် ကျေးဇူးတင်ပါတယ်လို့ပဲ ပြောခဲ့ပါတယ်။ သူ့ရဲ့ အသင်းကိုဦးဆောင်ပုံတွေ၊ ကစားပုံတွေနဲ့ တာဝန်ယူမှုတွေက တကယ်ကို ထိပ်တန်းအဆင့်ပါပဲ"
"ကျွန်တော်တို့ရင်ထဲမှာ နက်နဲတဲ့ဟင်းလင်းပြင်နဲ့ လေးနက်တဲ့ဝမ်းနည်းမှုတွေရှိနေပါတယ်။ ဒါပေမယ့် ဒီဝမ်းနည်းမှုမျိုးကို အလုပ်ကြိုးစားရင်းနဲ့ပဲ ဖြေဖျောက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယာကင်က ဆွစ်ဇာလန်ရဲ့ ဂျာမနီယူရိုခရီးစဉ်ဟာ ဂုဏ်ယူဖို့ကောင်းကြောင်းနဲ့ အသင်းအနေနဲ့ အင်္ဂလန်ကို ကျော်ဖြတ်နိုင်ခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယာကင်က "ကျွန်တော်တို့အနေနဲ့ အင်အားစိုက်ထုတ်မှု ကြီးမားခဲ့လို့ အခုလိုပြိုင်ပွဲကနေထွက်ရတာက အရမ်းနာကျင်ရပါတယ်။ အသင်းရဲ့ ကစားသမားတွေနဲ့ နိုင်ငံအတွက် ဝမ်းနည်းမိပါတယ်။ ဒါက လှပတဲ့ ဘောလုံးပွဲတစ်ပွဲပါပဲ။ ဘောလုံးက ကျွန်တော်တို့ကို လှပတဲ့အရာတွေတစ်သက်လုံးပေးလာတာပါ။ အကန်ဂျီပင်နယ်တီ လွဲခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို သူ့အနေနဲ့ ဝမ်းနည်းစရာမလိုပါဘူး။ သူဘယ်လောက်အထိ အသင်းကိုထမ်းတင်ပေးခဲ့သလဲဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်" လို့ပြောကြားခဲ့ပါတယ်။