
အံ့ဖွယ်လီဝန်ဒေါစကီးကို အယ်လ်နာဆာကြယ်ပွင့်နဲ့ ခိုင်းနှိုင်းချီးကျူးခဲ့တဲ့ ဟန်စီဖလစ်ခ်
ဟန်စီဖလစ်ခ်က ဒေါ့မွန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ဘာစီလိုနာကြယ်ပွင့်လီဝန်ဒေါစကီးကို ရီးရဲလ်မက်ဒရစ်ဂန္တဝင်စီရော်နယ်ဒိုနဲ့ နှိုင်းယှဉ်လိုက်ပါတယ်။ ဘာစီလိုနာက စပိန်မြေ၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ ပြိုင်ဘက်ဒေါ့မွန်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဒုတိယအကျော့ယှဉ်ပြိုင်ကစားဖို့ ဂျာမန်မြေဆီ ခရီးဆက်ရပါမယ်။ ပြီးခဲ့တဲ့သီတင်းပတ်၊ မွန်ဂျူ့စ်မှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ဒေါ့မွန်ကြယ်ပွင့်ဟောင်းလီဝန်ဒေါစကီးရဲ့သွင်းဂိုးနှစ်ဂိုးက ကတ္တလန်ဘီလူးကြီးအတွက် အရေးပါတဲ့ဂိုးပြတ်နိုင်ပွဲတစ်ခု ပေါ်ပေါက်လာစေရေး ကူညီပေးခဲ့ပါတယ်။
ဒေါ့မွန်နဲ့ပထမအကျော့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ဂိုးတွေ အပါအဝင် လီဝန်ဒေါစကီးက သူ့ရဲ့ကစားသမားဘဝသက်တမ်းတလျှောက် ရှစ်ကြိမ်မြောက်အဖြစ် တစ်ရာသီအတွင်း ဂိုး ၄၀ ပြည့်မြောက်အောင် ရယူနိုင်တဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒုတိယအကျော့ပွဲစဉ်မတိုင်ခင်မှာတော့ ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ပိုလန်တိုက်စစ်မှူးကို အယ်လ်နာဆာဂိုးမုဆိုးစီရော်နယ်ဒိုလို ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဂျာမန်လူမျိုးနည်းပြက “ ဒီလိုအသက်အရွယ်မျိုးနဲ့ ဒီလိုအဆင့်အတန်းမျိုးမှာ ကစားချိန် တဖက်မှာ ကြံ့ခိုင်မှုပိုင်းလျော့ကျသွားပေမယ့် တဖက်မှာလည်း လီဝန်ဒေါစကီးက သူ့ကိုယ်သူ အတော်လေး ဂရုစိုက်လေ့ရှိပါတယ်။ စီရော်နယ်ဒိုလိုပဲ သူ့ဆီမှာ အံ့အားသင့်စရာကောင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုပုံစံတစ်ခု ရှိပါတယ်။ လီဝန်ဒေါစကီးက အလွန်ပရော်ဖက်ရှင်နယ်ဆန်ပြီး အကောင်းဆုံးစွမ်းဆောင်ရည်ရရှိဖို့ ကဏ္ဍအားလုံးကို ထိန်းချုပ်ထားလေ့ရှိပါတယ်”လို့ ပြောပါတယ်။ ဟန်စီဖလစ်ခ်ရဲ့အသင်းက ဒေါ့မွန်နဲ့ရင်ဆိုင်ပြီးချိန်မှာတော့ လာလီဂါပွဲစဉ်အဖြစ် ဆယ်လ်တာဗီဂိုကို လာမယ့်စနေနေ့၊ အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။