The network connection is lost.

Banner Image

စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ စောစောစီးစီးဝေဖန်နေမှုတွေကို တုံ့ပြန်သွားခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်

ဂျာမန်စတားဖလော်ရီယန်ဝစ်ဇ်က လီဗာပူးကစားသမားဘဝ၊ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ဝေဖန်နေမှု ကို ပြတ်ပြတ်သားသားတုံ့ပြန်သွားခဲ့ပါတယ်။ လီဗာပူးရဲ့ ပြိုင်ပွဲစုံခုနစ်ပွဲဆက်အနိုင်ရရှိမှုမှတ်တမ်း ရှိထားပေမဲ့ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင်ကတော့ ကလပ်အသင်းသစ်မှာ သူ့ရဲ့ကနဦးစွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လေဗာကူဆင်မှ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာပြီးနောက်ပိုင်း ဖလော်ရီယန်ဝစ်ဇ်အပေါ် မျှော်လင့်ချက်တွေ မြင့်မားခဲ့ကြပေမဲ့ ကြိုးကြာနီတွေအတွက် ကစားသမားရဲ့သွင်းဂိုး(သို့မဟုတ်)ဂိုးဖန်တီးမှု ရှိမလာသေးလို့ အချို့ပုဂ္ဂိုလ်တွေက ဂျာမန်စတားရဲ့မာဆေးဆိုဒ်ခရီးစဉ်စတင်မှုကို စိတ်ပျက်စရာပဲလို့ တံဆိပ်ကပ်လာကြပါတယ်။

အခုအချိန်မှာတော့ ဂျာမနီလက်ရွေးစင်ကစားသမားက Sky Germany နဲ့ အင်တာဗျူးတစ်ခုမှာ လတ်တလောဝေဖန်နေမှုတွေကို ပြတ်ပြတ်သားသားတုံ့ပြန်သွားခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်က “ အမှန်ပါပဲ၊ ကျွန်တော်ကိုယ်တိုင်လည်း ဂိုးတွေ သွင်းချင်တယ် (သို့မဟုတ်) သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်ချင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဘယ်သူတွေ ဘာပဲပြောပြော၊ ကျွန်တော်ကတော့ အေးအေးဆေးဆေးပါပဲ။ ကိုယ်ဘာလုပ်နိုင်သလဲဆိုတာကို ကျွန်တော်ကိုယ်တိုင်သိသလို နောက်ဆုံးမှာ ဒီလိုလုပ်နိုင်စွမ်းတွေကို သက်သေပြသသွားနိုင်လိမ့်မယ်ဆိုတာလည်း သိရှိထားပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အေးအေးဆေးဆေးပဲ ရှိနေပါတယ်။ 

အတိတ်ကာလထက် ပိုကောင်းအောင်လုပ်နိုင်ဖို့ နေ့စဉ်နေ့တိုင်း ကြိုးစားနေပါတယ်။ တခါတရံမှာ အရာရာတိုင်းက ကိုယ်စိတ်တိုင်းကျဖြစ်မလာတဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ်။ ဒါမျိုးတွေဆိုတာ ကျွန်တော့်ကစားသမားဘဝမှာ မကြာခဏဖြစ်နေတာတော့ မဟုတ်ပါဘူး။ အချိန်တန်လို့ ကျွန်တော်သာ အကောင်းဆုံးကစားလာနိုင်မယ်ဆိုရင် အရာရာတိုင်း အဆင်ပြေသွားပါလိမ့်မယ်။

ဒီထက်ပိုပြီး အောင်မြင်ချင်တယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေမဲ့ ကျွန်တော်က စိတ်ရှည်သည်းခံတတ်ပါတယ်။ ပြောခဲ့သလိုပါပဲ၊ ကျွန်တော်ကိုယ်တိုင်လည်း ဘောလုံးကို ကောင်းကောင်းကစားနိုင်စွမ်းရှိတယ်ဆိုတာကို အတိအကျသိရှိထားပြီးသားပါ။ သိပ်မကြာခင်မှာပဲ အရာရာတိုင်း ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်”လို့ ပြောပါတယ်။