The network connection is lost.

Banner Image

ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့တဲ့ ကူလူဆက်ဗ်စကီး

လာမယ့်သီတင်းပတ်၊ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် တော့တင်ဟမ်ကွင်းလယ်ကစားသမား ကူလူဆက်ဗ်စကီး ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့တယ်လို့ ပရီးမီးယားလိဂ်ကလပ်အသင်းက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ခရစ္စတယ်ပဲလေ့စ်ကို ဝ-၂ ဂိုးဖြင့် အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဆွီဒင်လက်ရွေးစင်ကစားသမား ဒူးဒဏ်ရာရရှိသွားခဲ့ပါတယ်။ တော့တင်ဟမ်အသင်းဘက်ကတော့ ကူလူဆက်ဗ်စကီးပြန်ကစားပေးနိုင်မယ့်အချိန်ကို အတိအကျမထုတ်ပြန်ခဲ့ပါဘူး။

တော့တင်ဟမ်အသင်းရဲ့ထုတ်ပြန်ချက်မှာ “ ပြီးခဲ့တဲ့သီတင်းပတ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ညာဒူးဒဏ်ရာတစ်ခုကို ကူလူဆက်ဗ်စကီး ခံစားခဲ့ရတယ်လို့ ကျွန်တော်တို့ အတည်ပြုပေးနိုင်ပါတယ်။ အထူးကုသမားတော်တွေရဲ့စစ်ဆေးစမ်းသပ်မှုအပြီးမှာတော့ ကွင်းလယ်ကစားသမားဟာ ဒီနေ့မှာပဲ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အသင်းကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ချက်ချင်းစတင်သွားပါလိမ့်မယ်”လို့ ဖော်ပြပါရှိပါတယ်။

တော့တင်ဟမ်က ကွင်းလယ်လူမက်ဒီဆင်ကိုလည်း ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ လက်လွှတ်ဆုံးရှုံးထားရပါတယ်။ တော့တင်ဟမ်က မေ ၂၁ ရက်၊ ဘီလ်ဘာအိုမြို့မှာ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွင်း ၁၇ နှစ်ကြာဆုဖလားလက်မဲ့ဘဝကို အဆုံးသတ်နိုင်ဖို့ အခွင့်အရေးတစ်ခု ရရှိသွားပါလိမ့်မယ်။

ရမှတ် ၃၈ မှတ်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၇ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်က ဘရိုက်တန်နဲ့ရာသီပိတ်ပွဲစဉ်မတိုင်ခင် လာမယ့်သောကြာနေ့မှာ အက်စတွန်ဗီလာနဲ့အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်သွားရပါမယ်။