The network connection is lost.

Banner Image

အခုနွေရာသီကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အပြောင်းအရွှေ့အကြောင်း ထုတ်ပြောလာတဲ့ စပိန်ကြယ်ပွင့် အိုလ်မို

စပိန်နဲ့ လိုက်ပ်ဇစ်ကြယ်ပွင့် အိုလ်မိုက ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှု ရရှိထားချိန်မှာပဲ အခုနွေရာသီကာလအတွင်း အပြောင်းအရွှေ့တစ်ခု ဖြစ်ပေါ်လာနိုင်ပုံအကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

လတ်တလောပြီးစီးသွားတဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ စပိန်အသင်းရဲ့ စံချိန်တင်လေးကြိမ်မြောက်ချန်ပီယံဆု ရယူနိုင်ရေးခရီးလမ်းတလျှောက် အဓိကနေရာမှပါဝင်ကာ ပြိုင်ပွဲရဲ့ပူးတွဲရွှေဖိနပ်ရှင်ဖြစ်ခဲ့တဲ့ အိုလ်မိုအတွက် အမှတ်ရစရာအခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ရပါတယ်။

အိုလ်မိုက ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်း ပြင်သစ်နဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရချိန် သွင်းယူခဲ့တဲ့ အနိုင်ဂိုးအပါအဝင် သုံးဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု နှစ်ကြိမ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွင်း ကွင်းလယ်တိုက်စစ်ကစားသမားရဲ့ စွမ်းဆောင်ရည်ပိုင်းက မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့အပါအဝင် ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေအတွက် မျက်စိကျစရာ ဖြစ်လာပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ လာမယ့်ဘောလုံးရာသီအတွက် ဂျာမနီမှာပဲ ဆက်နေမလား၊ စပိန် (သို့မဟုတ်) အင်္ဂလန်ဆီ ထွက်ခွာဖို့ပြင်ဆင်မလား ရှင်းရှင်းလင်းလင်းမဆုံးဖြတ်ရသေးပါဘူး။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အသက်-၂၆ နှစ်အရွယ် ကစားသမားက “ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ မနေ့တုန်းက ကျွန်တော်တို့တွေ တစ်နေကုန်အောင်ပွဲခံခဲ့ပြီး အခုတော့ လေ့ကျင့်ရေးစင်တာဆီ ပြန်ရောက်နေပါပြီ။ အပြောင်းအရွှေ့ဈေးကွက်နဲ့ ပတ်သက်သူအားလုံးလည်း ကျွန်တော် ဘာလုပ်ချင်သလဲဆိုတာ သိထားပြီးကြပါပြီ။ ဂျာမနီမှာပဲ ဆက်နေဖြစ်မလားဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်ကိုယ်တိုင် ချစ်ခင်မြတ်နိုးတန်ဖိုးထားရတဲ့ နေရာမှာပဲ ဆက်ရှိနေချင်ပါတယ်။ ကျွန်တော် လိုချင်တဲ့အရာက အနိုင်ရလဒ်ပါပဲ။ ရွေးချယ်ခွင့်တွေ အများကြီးရှိပါတယ်။ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို မချမှတ်ရသေးပါဘူး။ ကျွန်တော်လိုချင်တဲ့အရာကတော့ ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်တစ်ခုနဲ့ ကမ်းလှမ်းလာတဲ့အသင်းမျိုး ဖြစ်ပါတယ်။ ကျွန်တော် ဆုဖလားတွေ ဆွတ်ခူးချင်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ စပိန်သားက လိုက်ပ်ဇစ်အသင်းနဲ့အတူ ရာသီကြိုပြင်မှုမစတင်ခင် အားလပ်ရက်အနည်းငယ်ရရှိဖို့ မျှော်လင့်နေပါတယ်။ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်က အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အခုလနှောင်းပိုင်းမှာ အမေရိကန်နိုင်ငံဆီ ရာသီကြိုခရီးစဉ် ထွက်ခွာပါလိမ့်မယ်။