ချဲလ်ဆီး အပယ်ခံဘဝမှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာတဲ့ ဒီကလန်ရိုက်စ်ရဲ့ခရီးလမ်း
ဒီကလန်ရိုက်စ်ကတော့ အာဆင်နယ်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ။ အသက်-၂၄ နှစ်အရွယ်အင်္ဂလန်ကြယ်ပွင့်ကို ဂန်းနားတွေက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၀၅ သန်းဆိုတဲ့ပမာဏနဲ့ ခေါ်ယူခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့က လူငယ်ကစားသမားဘဝမှာ ချဲလ်ဆီးရဲ့စွန့်ပစ်မှုကို ခံခဲ့ရတဲ့ ကွင်းလယ်လူအတွက် ထူးထူးခြားခြားတိုးတက်မှုတစ်ခုအဖြစ် မြင်တွေ့ရမှာပါ။ ဒီကလန်ရိုက်စ်က ဆယ်ကျော်သက်ဝက်စ်ဟမ်းကစားသမားဘဝကို လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့ပြီးနောက် ကလပ်ဂန္တဝင်ကစားသမားဘော်ဘီမိုးနဲ့ နှိုင်းယှဉ်ဂုဏ်ပြုခံရသလို အသင်းသမိုင်းတလျှောက် ပထမဆုံးဥရောပအဆင့်ဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။ နိုင်ငံ့လက်ရွေးစင်အဆင့်မှာတော့ ဒီကလန်ရိုက်စ်က အစောပိုင်းမှာ အိုင်ယာလန်နိုင်ငံအတွက် ကိုယ်စားပြုကစားပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။
ချဲလ်ဆီးရဲ့စွန့်ပစ်မှု
-------------------
အခုလို ဒီကလန်ရိုက်စ်ရဲ့ ကျော်ကြားလာမှုတွေက စိတ်ပျက်ဖွယ်အတွေ့အကြုံတွေ မရှိဘဲနဲ့တော့ ဖြစ်တည်လာခဲ့တာ မဟုတ်ပါဘူး။ အစောပိုင်းကာလတွေမှာ ရိုက်စ်က ချဲလ်ဆီးလူငယ်အသင်းမှာ အကောင်းဆုံးအသင်းဖော် မေဆင်မောင့်နဲ့ တွဲဖက်ကစားခဲ့ရပါတယ်။ ရိုက်စ်က အသက်-၇ နှစ်အရွယ်မှာပဲ ချဲလ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် ၂၀၁၃ ခုနှစ်၊ ချဲလ်ဆီးရဲ့စွန့်ပစ်မှုခံလိုက်ရချိန်မှာ ရိုက်စ်ရဲ့ကမ္ဘာငယ်လေး ကွဲကြေခဲ့ရပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုတစ်ခုမှာ ရိုက်စ်က “ကျွန်တော် အသက်-၁၄ နှစ်အရွယ်မှာပဲ ချဲလ်ဆီးက အသင်းမှ ထွက်ခွင့်ပေးလိုက်ပါတယ်။ အင်္ဂါညတစ်ညကို ကျွန်တော်မှတ်မိပါသေးတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ကျွန်တော့်အိမ်နဲ့ ငါးမိနစ်စာလောက်ဝေးတဲ့ ဖူလ်ဟမ်အသင်းမှာ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ ကြာသပတေးနေ့မှာလည်း ကျွန်တော် ဝက်စ်ဟမ်းနဲ့ လေ့ကျင့်ခန်းဆင်းခဲ့ပြန်ပါတယ်။ နှစ်သင်းစလုံးမှာ လေ့ကျင့်ခန်းအနည်းငယ်ဆင်းခဲ့ပြီး အဲ့ဒီနှစ်သင်းလုံးကပဲ ကျွန်တော့်ကို လိုချင်လာကြပါတယ်။ တခြားကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုတွေလည်း ရှိခဲ့ပေမယ့် ကျွန်တော်ကတော့ ဝက်စ်ဟမ်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် အိမ်ပြောင်းရွှေ့ခဲ့ရသလို ကျောင်းလည်း ပြောင်းခဲ့ရပါတယ်။ ဒါက တကယ့်ကိုကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ပေးဆပ်မှုတွေလည်း ရှိခဲ့ပါတယ်။ ချဲလ်ဆီးက ကျွန်တော့်ကို ထွက်ခွာခွင့်ပေးလိုက်တဲ့အချိန်မှာ တကယ့်ကိုစိတ်ပျက်ခဲ့ရတာပါ။ လူငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက် သိထားသမျှအရာတွေက ၁၀ မိနစ်လောက်ပဲ ခရီးအကွာအဝေးရှိတဲ့ လေ့ကျင့်ရေးကွင်းဆီ အရောက်သွားပြီး ပွဲတွေအများကြီး ကြည့်ရှုချင်တာလောက်ပါပဲ။ ဒီဇာတ်လမ်းလေးက ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ရဲ့တက်လမ်းကို ကိုယ်တိုင်ထုဆစ်တဲ့ အကြောင်းအရာတွေအနက် တစ်ခုဖြစ်လာပါလိမ့်မယ်။ ချဲလ်ဆီးရဲ့ အချို့လူငယ်ကစားသမားလေးတွေမှာလည်း ‘ဝိုး…..! ဒီကလန်ရိုက်စ်ကို ကြည့်လိုက်စမ်း၊ ဝက်စ်ဟမ်းမှာ သူ အကောင်းဆုံးလုပ်နိုင်နေတာပဲ’ ဆိုတဲ့အတွေးတွေ ရှိကောင်းရှိနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ပိုပြီးကြိုးစားအားထုတ်ဖို့ တိုက်တွန်းခဲ့တဲ့ ဂျွန်တယ်ရီ
------------------------------------------------------
ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ဆယ်ကျော်သက်လူငယ်လေးဆီ သူလေးစားအားကျရတဲ့ ဂျွန်တယ်ရီဆိုတဲ့ ဂန္တဝင်ဘောလုံးသမားကြီးက အားပေးစကားတွေ လာပြောပေးခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း The Times သတင်းဌာနနဲ့တွေ့ဆုံချိန် ရိုက်စ်က “ဂျွန်တယ်ရီက မိဘတွေနဲ့စကားပြောပြီး လူငယ်ကစားသမားလေးတွေနဲ့ သူတို့ရဲ့မိသားစုတွေအကြောင်း သိရှိရအောင် အချိန်ပေးလုပ်ဆောင်လေ့ ရှိပါတယ်။ ကလပ်အသင်းခေါင်းဆောင်တစ်ယောက်အတွက်ဆိုရင် ဒီလိုလုပ်ဆောင်ခြင်းက တကယ့်အရည်အသွေးကောင်းတစ်ရပ်ပါပဲ။
ကျွန်တော်လည်း ငယ်ငယ်လေးကတည်းက ဂျွန်တယ်ရီကို လေးစားအားကျခဲ့ရတာပါ။ ချဲလ်ဆီးက ကျွန်တော့်ကို လက်လွှတ်လိုက်ချိန် ကျွန်တော့်ရဲ့အိပ်ခန်းထဲမှာ အဖေနဲ့အတူထိုင်ပြီး ဂျွန်တယ်ရီနဲ့ ၄၅ မိနစ်လောက် ဖုန်းပြောခဲ့တာကို မှတ်မိပါသေးတယ်။ ဒါက ဂျွန်တယ်ရီပါပဲ၊ ကျွန်တော်ဖြင့် ယုံတောင်မယုံနိုင်ခဲ့ပါဘူး။ သူက သူ့ရဲ့အတွေ့အကြုံတွေအပေါ် အခြေခံပြီး အကြံဉာဏ်တွေ ပေးခဲ့ပါတယ်။ ဘယ်တော့မှ အရှုံးမပေးဖို့၊ ရှိသမျှအရာအားလုံးပေးဆပ်ပြီး အလုပ်ကို အမြဲတမ်းကြိုးစားလုပ်ဆောင်ဖို့ ဂျွန်တယ်ရီက ပြောခဲ့ပါတယ်။ ဒါတွေအားလုံး အခုအချိန်အထိ ကျွန်တော့်ရဲ့ခေါင်းထဲမှာ ရှိနေဆဲဖြစ်သလို အခု ကျွန်တော် ရောက်နေတဲ့နေရာကို ကြည့်စေချင်ပါတယ်။ အိပ်မက်ဆိုတာ အဝေးကြီးမှာ ရှိနေတာမျိုး မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ခြောက်လလောက်တုန်းက ကျွန်တော်ရယ်၊ ကျွန်တော့်အစ်ကိုဝမ်းကွဲရယ်၊ ဂျွန်တယ်ရီရယ် နှစ်နာရီလောက် မနက်စာစားပြီး တွေ့ခဲ့ပါတယ်။ ဒါကတော့ သူနဲ့ကျွန်တော် နောက်ဆုံးအကြိမ်တွေ့ခဲ့တာ ဖြစ်ပါတယ်။ တခါတလေတော့ ကျွန်တော်က ကစားသမားဘဝအနားယူသွားပြီဖြစ်တဲ့ ဂျွန်တယ်ရီဆီ စာတိုလေးတွေပေးပို့လေ့ရှိပါတယ်။ သူက ‘ကျေးဇူးပဲသူငယ်ချင်း၊ အခုတော့ မင်းအလှည့်ရောက်ပြီ’လို့ ပြန်ပြောလေ့ရှိပါတယ်”လို့ ပြောပါတယ်။
ဝက်စ်ဟမ်းကတော့ ဒီကလန်ရိုက်စ်ရဲ့အောင်မြင်တဲ့ ဘောလုံးသမားဘ၀ တည်ဆောက်ရေးမှာ အရေးပါတဲ့ နောက်ထပ်နေရာတစ်ခုဖြစ်ပါတယ်။
ဝက်စ်ဟမ်းဂန္တဝင်
-------------------
လူငယ်အသင်းကစာသမားဘဝကို အဆင့်ဆင့်ဖြတ်သန်းလာပြီးနောက်မှာ အများက ဒီကလန်ရိုက်စ်ကို ဘော်ဘီမိုးလို ဝက်စ်ဟမ်းဂန္တဝင်ကစားသမားဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ အသက်-၁၈ နှစ်အရွယ် ဒီကလန်ရိုက်စ်က သူ့ရဲ့စီနီယာကစားသမားဘဝပွဲဦးထွက်အဖြစ် ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ၊ ဘန်လေနဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အတွင်း နာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရပါတယ်။
နောက်တစ်ရာသီအကြာမှာပဲ ဆောက်သမ်တန်ကို ၃-၂ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲစဉ်မှာ ရိုက်စ်က စီနီယာကစားသမားဘ၀ ပထမဆုံးပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ၊ ဝက်စ်ဟမ်းအသင်းရဲ့တစ်နှစ်အကောင်းဆုံး ကစားသမားအဖြစ် အာနူတိုဗစ်ရဲ့နောက် ဒုတိယနေရာမှာ ရိုက်စ်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါကပဲ ဒီကလန်ရိုက်စ်လိုချင်နေတဲ့ အောင်မြင်မှုမျိုး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အာဆင်နယ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဒီကလန်ရိုက်စ်က အဲ့ဒီနှစ်အတွက် PFA တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ဒီဆုကို စတာလင်က ဆွတ်ခူးရရှိခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ကတော့ ဒီကလန်ရိုက်စ်အတွက်ပဲ ဖြစ်လာပါတော့တယ်။ ဒါကြောင့် ဒီကလန်ရိုက်စ်အတွက်တော့ စိတ်ဖြေသိမ့်စရာတစ်ခု ရှိလာခဲ့တယ်လို့ ဆိုရမှာပါ။ နောက်ကွယ်မှာတော့ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝအနာဂတ်အတွက် တိုက်ပွဲတစ်ခုက ရိုက်စ်ရဲ့စိတ်ကူးအတွေးတွေဆီ ဝင်ရောက်လာခဲ့ပါတယ်။
အိုင်ယာလန်နဲ့ အင်္ဂလန်ကြား လွန်ဆွဲမှု
-----------------------------------------
လန်ဒန်မြို့မှာမွေးဖွားခဲ့တဲ့ ဒီကလန်ရိုက်စ်က သူ့ရဲ့အဖိုးအဖွားဖြစ်သူတွေကြောင့် အိုင်ယာလန်နိုင်ငံကိုယ်စားပြု နိုင်ငံ့လက်ရွေးစင်ကစားသမားအဖြစ် ကစားခွင့်ရရှိခဲ့ပါတယ်။ အိုင်ယာလန်နိုင်ငံရဲ့ ယူ-၁၆ မှ ယူ-၂၁ အထိ လူငယ်အသင်းတွေမှာ ဒီကလန်ရိုက်စ်က ထင်ရှားတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အိုင်ယာလန်လက်ရွေးစင်အသင်းနည်းပြမာတင်အိုနေးလ်က လူငယ်ကြယ်ပွင့်သစ်ကို မက္ကဆီကို၊ ဥရုဂွေးတို့နဲ့ယှဉ်ပြိုင်ကစားရမယ့် ချစ်ကြည်ရေးပွဲစဉ်တွေအတွက် ရွေးချယ်ခဲ့သလို သြစတြီးယားနဲ့ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက်လည်း ရွေးချယ်ခဲ့ပါတယ်။
အိုင်ယာလန်က တူရကီကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ ဒီကလန်ရိုက်စ်က စီနီယာနိုင်ငံ့လက်ရွေးစင်ကစားသမားဘဝပွဲဦးထွက်ကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့တောက်ပလွန်းတဲ့ ခြေစွမ်းကောင်းတွေကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ချဉ်းကပ်လာမှုလည်း ရှိလာခဲ့ပြန်ပါတယ်။ အိုနေးလ်က ၂၀၁၈ ခုနှစ်၊ ဝေးလ်နဲ့ကစားရမယ့် ပွဲစဉ်အတွက် လူစာရင်းမှာ စိတ်အပြောင်းအလဲတွေရှိလာတဲ့ ရိုက်စ်ကို ချန်လှပ်ခဲ့ပါတယ်။
အိုနေးလ်ရဲ့ နောက်ထပ်သုံးကြိမ်လက်ရွေးစင်အသင်းလူစာရင်း ရွေးချယ်မှုမှာလည်း ရိုက်စ် မပါဝင်ခဲ့ပါဘူး။ ကစားသမားကိုယ်တိုင်ကလည်း နိုင်ငံ့ကိုယ်စားပြုအဖြစ် အိုင်ယာလန်ကို ရွေးချယ်ရမလား၊ အင်္ဂလန်ကို ရွေးချယ်ရမလား မဆုံးဖြတ်နိုင်သေးဘူးလို့ အဲ့ဒီအချိန်တုန်းက ပြောခဲ့ဖူးပါတယ်။ နည်းပြမက္ကာသီရဲ့လက်ထက်မှာတော့ ဒီကလန်ရိုက်စ်ကို နောက်ဆုံးအကြိမ်အဖြစ် အသင်းခေါင်းဆောင်လက်ပတ်ပေးအပ်ကာ အသင်းကစားကွက်ကိုလည်း သူ့ကိုမူတည်ဖော်ဆောင်သွားမယ်လို့ ပြောဆိုစည်းရုံးခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၉ ခုနှစ်အတွင်း ချက်အသင်းနဲ့ရင်ဆိုင်ရတဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်မှာ အင်္ဂလန်အတွက် ပွဲဦးထွက်အဖြစ်ပါဝင်ကစားပေးခဲ့ပြီးနောက် ရိုက်စ်က သူ့ရဲ့အနာဂတ်ကို ရှင်းရှင်းလင်းလင်းဖော်ပြလိုက်ပါတယ်။ ဒါကြောင့်ပဲ အိုင်ယာလန်ဘောလုံးပရိသတ်တွေရဲ့ အွန်လိုင်းမှတဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ နောက်ပိုင်းမှာ ရိုက်စ်က ဖွင့်ဟလာပါတယ်။
အောင်မြင်မှုသမိုင်းမှတ်တိုင်များ
---------------------------------
ရိုက်စ်ရဲ့အံ့အားသင့်ဖွယ်တိုးတက်မှုတွေက ကလပ်အသင်းအဆင့်မှာရော၊ နိုင်ငံ့လက်ရွေးစင်အဆင့်မှာပါ ရှိနေခဲ့ပါတယ်။ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ရိုက်စ်က စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ရိုက်စ်ရဲ့အသင်းက အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ကြေကွဲဖွယ်အရေးနိမ့်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲကြီးမှာ အင်္ဂလန်အသင်းရဲ့ပွဲစဉ်တွေအားလုံးကို ပါဝင်ကစားပေးခဲ့တဲ့ ရိုက်စ်က ဘောလုံးသုံးသပ်သူတွေရဲ့ ချီးကျူးမှုတွေအပြင် ပြိုင်ဘက်ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်နောက်ပိုင်း အီတလီအသင်းကို ပထမဆုံးအကြိမ်အဝေးကွင်းနိုင်ပွဲရရှိခဲ့တဲ့ လတ်တလော ယူရို-၂၀၂၄ ခြေစစ်ပွဲအတွင်း အနိုင်ဂိုးသွင်းယူမှုအပါအဝင် သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ရိုက်စ်ဟာ ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့ အာေးပးချီးကျူးမှုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက်ထပ်ရောက်ရှိလာမယ့် ဘောလုံးရာသီမှာတော့ ရိုက်စ်က ကစားသမားဘဝအကြီးမားဆုံး အောင်မြင်မှုကို ဝက်စ်ဟမ်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချက်နိုင်ငံမှာ ကျင်းပတဲ့ ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲမှာ ဖီအိုရင်တီးနားကို အနိုင်ကစားပြီး အကြီးကျယ်ဆုံး အောင်ပွဲကို ရယူခဲ့ပြီးနောက် ရိုက်စ်က ဝက်စ်ဟမ်း ကစားသမားဘဝကို ဂန္တဝင်မြောက်စွာအဆုံးသတ်ခဲ့ပါတယ်။
မိသားစုဘဝကို မြတ်နိုးသူ
---------------------------
ဘောလုံးကွင်းပြင်ပမှာဆိုရင်တော့ ရိုက်စ်ကို အသက်-၂၄ နှစ်အရွယ်ချစ်သူဖြစ်သူ ဖရိုင်ယာက ကူညီပံ့ပိုးပေးနေပါတယ်။ သူတို့နှစ်ဦးက ကျောင်းသူကျောင်းသားဘဝမှာကတည်းက တွေ့ဆုံခဲ့တာဖြစ်ပြီး အသက်-၁၇ နှစ်အရွယ်မှာတော့ ချစ်သူစုံတွဲဖြစ်လာပါတယ်။ ဒီနောက်ပိုင်းမှာ သူတို့နှစ်ဦးအကြား ကမ္ဘာငယ်လေးတစ်ခုကို မထင်မရှားနဲ့ပဲ တည်ဆောက်ထားခဲ့ပြီး ပြီးခဲ့တဲ့နှစ်၊ ပထမဆုံးရင်သွေးလေးကို မွေးဖွားခဲ့ချိန်မှာတော့ ဂုဏ်ယူဖွယ်မိဘနှစ်ပါးဆိုတဲ့ဘဝဆီ ရောက်ရှိလာခဲ့ပါတယ်။ အခုလို ရိုက်စ်နဲ့ ဖရိုင်ယာတို့ရဲ့အကြောင်း ပရိသတ်တွေ သိရှိလာရတာကလည်း ရိုက်စ်က သူ့သားလေးရဲ့နာမည်ကို လက်မောင်းမှာ တက်တူးထိုးခဲ့ရာမှတဆင့် စတင်ခဲ့လို့ ဖြစ်ပါတယ်။
ဒီစုံတွဲကတော့ သူတို့ရဲ့ဖြစ်တည်မှုကို သိုသိုသိပ်သိပ်ပဲ ရှိနေစေချင်ခဲ့တာ ဦးစားပေးလုပ်ငန်းတစ်ရပ်လို ဖြစ်နေပါတယ်။ ဒါပေမယ့် ရိုက်စ်တို့စုံတွဲက ကမ္ဘာကျော် Oasis တေးဂီတအဖွဲ့ဝင်ဟောင်း၊ အဆိုတော် ဂယ်လယ်ဟာနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဓါတ်ပုံကိုတော့ လူမှုကွန်ရက်မှတဆင့် မျှဝေပေးခဲ့ပါတယ်။ ရိုက်စ်က နောင်လာမယ့်သမိုင်းမှတ်တိုင်သစ်အတွက် သူ့ရဲ့မိတ်ဆွေကြီးဂယ်လယ်ဟာ အားပေးတဲ့ မန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ ဖြုတ်ချသွားဖို့ မျှော်လင့်နေပါလိမ့်မယ်။