The network connection is lost.

Banner Image

အီတလီအသင်းအတွက် အကြီးမားဆုံးပြဿနာကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ စပယ်လက်တီ

ဆွစ်ဇာလန်အသင်းကို ၂-၀ ဂိုးဖြင့် ထိတ်လန့်ဖွယ်ရှုံးနိမ့်ပြီးနောက် အီတလီအသင်းနည်းပြစပယ်လက်တီက သူ့အသင်းအတွက် အကြီးမားဆုံးပြဿနာဟာ အရှိန်အဟုန်နဲ့ ထက်မြက်မှုကင်းမဲ့နေခြင်းဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

အခုပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းက ပွဲချိန်တလျှောက်လုံး ခြေစွမ်းပိုင်းအသာစီးဖြင့် ကစားသွားခဲ့ပြီး ဖရူလာ၊ ဗားဂတ်စ်တို့ရဲ့သွင်းဂိုးတွေနဲ့ အီတလီအသင်းကို အနိုင်ယူခဲ့ပါတယ်။အထူးသဖြင့် ဗားဂတ်စ်ရဲ့သွင်းဂိုးက ဒုတိယပိုင်းပွဲချိန်စတင်လာပြီး ၂၇ စက္ကန့်အကြာမှာပဲ ခွင့်ပြုပေးလိုက်ရတာဖြစ်လို့ အီတလီအသင်းအတွက် နာကျင်စရာဖြစ်ခဲ့ရပါတယ်။

RAI Sport သတင်းဌာနနဲ့တွေ့ဆုံချိန် စပယ်လက်တီက “ဒုတိယပိုင်းအစမှာပဲ ပေးလိုက်ရတဲ့ဂိုးကြောင့် ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေ ကျဆင်းသွားစေခဲ့တယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာတောင် ထက်မြက်မှုမရှိခဲ့ပါဘူး။

ကွဲပြားခြားနားမှုတွေ ဖြစ်စေခဲ့တဲ့အရာကတော့ အရှိန်အဟုန်လို့ပဲ ပြောရပါမယ်။ ပထမပိုင်းပွဲချိန်မှာ ပြိုင်ဘက်နဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် ကျွန်တော်တို့တွေ အလွန်နှေးကွေးနေခဲ့ပါတယ်။ တစ်ဦးချင်းအနေနဲ့ ပြောမယ်ဆိုရင်တောင် ရွေ့လျားမှုနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ကွဲပြားခြားနားမှုတွေ ရှိနေခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ဘဲ ထက်မြက်မှုနဲ့ အရှိန်အဟုန်က ရလဒ်ပိုင်းကို ဖြစ်တည်စေခဲ့ပါတယ်။ ပွဲမတိုင်ခင် ကစားသမားတွေအနားယူနိုင်ရေး အချိန်ပေးဖို့နဲ့ အပြောင်းအလဲအနည်းငယ်လုပ်လိုက်မယ်ဆိုရင် သူတို့တွေ ပိုပြီးထက်မြက်လာလိမ့်မယ်လို့ ကျွန်တော် တွေးမိခဲ့ဖူးပါတယ်။ အကြောင်းပြချက်မျိုးစုံအတွက် အခုလိုအခိုက်အတန့်မျိုးမှာ ဒီထက်ပိုပြီး ကျွန်တော်တို့လည်း မလုပ်ပေးနိုင်ပါဘူး”လို့ ပြောပါတယ်။

အီတလီလက်ရွေးစင်အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကို လက်ရှိချန်ပီယံအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပေမယ့် ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ပင် အသည်းအသန်ကြိုးစားခဲ့ရပါတယ်။

စပယ်လက်တီကိုယ်တိုင်လည်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ယူရိုခြေစစ်ပွဲလမ်းခုလတ်မှာ မန်စီနီရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးအတွက်ပဲ ပြင်ဆင်ထားရပါမယ်။

“ရှေ့ဆက်ရမယ့် ခရီးလမ်းက အရှည်ကြီးပါ။ ကျွန်တော်တို့တွေ တဖြည်းဖြည်းချင်းချဉ်းကပ်သွားရမှာ ဖြစ်ပေမယ့် သဘာဝကျကျပြောရရင်တော့ ကျွန်တော်တို့အသင်းအတွက် အရှိန်အဟုန်တစ်ခု လိုအပ်ပါတယ်။ အသင်းလိုက်အရည်အသွေးအကြောင်း မပြောဘူးဆိုရင်တောင် စွန့်လွှတ်အနစ်နာခံမှုစိတ်ဓါတ်တွေ၊ ပြိုင်ဘက်ကို အစွမ်းကုန်ဖိအားပေးနိုင်မယ့် တည်ငြိမ်မှုမျိုးတွေ ကျွန်တော်တို့အသင်းအတွက် လိုအပ်ပါတယ်။

ကံမကောင်းစွာနဲ့ဘဲ ကိစ္စအတော်များများက ရာသီကုန်ဆုံးချိန်နားမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေရဲ့ ထူးခြားတဲ့ပုံစံကောင်းမဟုတ်သလို ရာသီဥတုအပူချိန်ကလည်း မြင့်မားနေလို့ အခက်အခဲတွေ ရှိလာပါတယ်”လို့ စပယ်လက်တီက ဆက်ပြောပါတယ်။

ဆွစ်ဇာလန်ကို ရှုံးနိမ့်ပြီးနောက် အီတလီလက်ရွေးစင်အသင်းက ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲကွာတားဖိုင်နယ်အဆင့်နဲ့ လွဲချော်ခဲ့ရပါတယ်။