The network connection is lost.

Banner Image

ယူနိုက်တက်သို့ပြောင်းရွှေ့ရခြင်းအတွက် နောင်တမရကြောင်း အာမိုရင်ပြော

မန်ချက်စတာယူနိုက်နည်းပြ ရူဘင်အာမိုရင်က သူ့အနေနဲ့ စပို့တင်းလစ္စဘွန်းကိုစွန့်ခွာပြီး အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ခဲ့ရတဲ့အပေါ် နောင်တရခြင်းမရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်က အသင်းရဲ့နည်းပြ အဲရစ်တန်ဟက်ကို ထုတ်ပယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အာမိုရင်က နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေပြီး အာမိုရင်လက်ထက်မှာ လိဂ်ပွဲ ၆ ပွဲသာအနိုင်ရထားခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင်ယူနိုက်တက်ဟာ အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ကလပ်သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ရမှတ်အနည်းဆုံး ရာသီနဲ့ ကြုံတွေ့သွားရဦးမှာဖြစ်ပါတယ်။ အာမိုရင်ရဲ့အသင်းဟာ ၁၉၇၃-၇၄ ရာသီနောက်ပိုင်း အနိမ့်ဆုံးဇယားရပ်တည်မှုနဲ့လည်း ကြုံတွေ့ရဖို့ အလားအလာများနေပါတယ်။  သို့သော်လည်း အာမိုရင်က “ကျွန်တော် ဒီအသင်းကိုပြောင်းခဲ့လို့ နောင်တမရပါဘူး။ လောလောဆယ်မှာတော့ နောင်တမရပါဘူး။ ပြီးခဲ့တဲ့ ၄ လလောက်ဆိုရင်တော့ နောင်တရတဲ့ ခံစားချက်မျိုး ခံစားခဲ့ရတယ်ထင်ပါတယ်။ ဒါပေမယ့် အခုတော့ နောက်ရာသီမှာပဲ ပိုသန်မာတဲ့အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ဖို့ ကြိုးစားချင်နေပါတယ်”

“အနာဂတ်မှာ အသင်းကိုကူညီနိုင်မယ်လို့ ခံစားမိပါတယ်။ ကျွန်တော်တို့ စိတ်ပျက်စရာတွေ အများကြီးကြုံတွေ့ထားခဲ့ရပါတယ်။ ရနိုင်သမျှ အချက်အလက်တွေအားလုံးကိုစုဆောင်းပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အသင်းကို ပိုကောင်းအောင် တည်ဆောက်သွားပါမယ်။ ဒါကြောင့် အခု နောင်တမရပါဘူး။ အခုလို ကြုံတွေ့နေရတာလည်း ထိပ်တန်းနည်းပြတွေ ကြုံတွေ့ခဲ့ရသလိုပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ယခုရာသီမှာ ယူနိုက်တက်အနေနဲ့ ဆုဖလားဆွတ်ခူးနိုင်ဖို့ နောက်ဆုံးအခွင့်အရေးအဖြစ် ယူရိုပါလိဂ်သာကျန်ရှိတော့တာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီ တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို ရင်ဆိုင်သွားရပါမယ်။