ရှုံးထွက်အဆင့်အတွက် တည်ငြိမ်မှုအပြည့်ရှိတဲ့ အီတလီအသင်းကို မျှော်လင့်နေတဲ့ စပယ်လက်တီ
အခုကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ အီတလီလက်ရွေးစင်အသင်း ထင်ထားသလောက်ခြေစွမ်းပြသနိုင်မှု မရှိသေးပေမယ့် နည်းပြ စပယ်လက်တီကတော့ ဒီအခြေအနေတွေကို ဆွစ်ဇာလန်နဲ့ရင်ဆိုင်ရမယ့် ရှုံးထွက်အဆင့်ပွဲစဉ်မှာ ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
စပယ်လက်တီက အခုညပိုင်း၊ ရှုံးထွက်အဆင့်ပွဲစဉ်တွေ စတင်ချိန်မှာ ရက်ပိုင်းမျှအနားယူခွင့်ရရှိထားတဲ့ သူ့ရဲ့အသင်းအနေဖြင့် လန်းဆန်းမှု၊ တိုးတက်မှုတွေနဲ့အတူ ယူရိုခရီးစဉ်ကို ရှေ့ဆက်နိုင်မယ်လို့ ယုံကြည်နေတာပါ။
အီတလီလက်ရွေးစင်အသင်းက အခုညပိုင်း၊ ဘာလင်အိုလံပစ်ကွင်းကြီးမှာ ဆွစ်ဇာလန်နဲ့ ယူရို-၂၀၂၄ နောက်ဆုံး ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။ သူတို့တွေက ဒီကွင်းကြီးမှာ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ စပယ်လက်တီကတော့ အသင်းအနေဖြင့် ဂျာမန်မြေ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရပြီးနောက် ရှုံးထွက်အဆင့်စတင်ချိန်မှာတော့ တည်ငြိမ်မှုအပြည့်ရှိနေလိမ့်မယ်လို့ ရှုမြင်နေပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း စပယ်လက်တီက "ကျွန်တော်တို့အသင်း အခုလိုမရဏအုပ်စုမှာ ကျရောက်ခဲ့ပြီး ကစားသမားတွေဆီမှာရော၊ ကျွန်တော့်ဆီမှာပါ ဖိအားတွေရှိခဲ့တယ်လို့ ခင်ဗျားတို့ ပြောနိုင်ပါလိမ့်မယ်။ အခု ကျွန်တော်တို့တွေ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးပါပြီ။ ရှုံးထွက်အဆင့်ပွဲစဉ်တစ်ခုမှာ ရမှတ်တွေ၊ ဂိုးကွာခြားချက်တွေ တွက်ချက်ထားဖို့ မလိုအပ်တာကြောင့် ပိုပြီးလန်းဆန်းတက်ကြွနေတဲ့ အသင်းကို မြင်တွေ့ရဖို့ မျှော်လင့်ထားပါတယ်။ အခုလိုစိတ်ဓါတ်ပိုင်းတွေက အုပ်စုအဆင့်မှာတော့ ကိုယ့်ရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် သက်ရောက်မှုရှိစေနိုင်ပါတယ်။ ကျွန်တော်တို့ ဒီပွဲကိုအနိုင်ရရှိမှသာလျှင် နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ ပြိုင်ပွဲမှ ထွက်ခွာရပါလိမ့်မယ်။ ဒါကြောင့် ရလဒ်အပေါ်ပဲ အာရုံစူးစိုက်သွားဖို့ လိုအပ်ပါတယ်။ ကြိုတင်တွက်ဆနေရတာမျိုး ဒီအချိန်မှာ မလိုအပ်တော့ပါဘူး"လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၈ နှစ်တာကာလ၊ ပြင်သစ်ကိုအနိုင်ယူကာ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့ဖူးတဲ့ ဘာလင်မြို့ အိုလံပစ်အားကစားကွင်းကြီးနဲ့ အီတလီလက်ရွေးစင်အသင်းတို့အကြား ခိုင်မာအားကောင်းတဲ့ သမိုင်းကြောင်းမှတ်တမ်းတစ်ခုလည်း ရှိနေဆဲဖြစ်ပါတယ်။
" လူတိုင်းလည်း ဘာလင်မြို့မှာ ရှိခဲ့ဖူးတဲ့ အဲ့ဒီအဖြစ်အပျက်ကို မှတ်မိနေကြပါလိမ့်မယ်။ ကျွန်တော်တို့လက်ရှိအသင်းမှာ ဘူဖွန်လည်း ရှိနေပါတယ်။ သူက အဲ့ဒီအခြေအနေအကြောင်း နားလည်အောင် အားလုံးကိုရှင်းပြပေးသလို အိမ်မှာပဲကြည့်ခဲ့ရတဲ့ အဲ့ဒီအတွေ့အကြုံကို ကျွန်တော်တို့အတွက် အကူအညီဖြစ်စေဖို့ ပြောပြပေးပါတယ်။ ဒီကွင်းကြီးမှာ အခုလိုဂုဏ်ယူစရာသမိုင်းမှတ်တမ်းမျိုး ရှိခဲ့ဖူးတာ ကျွန်တော်တို့ သိကြပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီကွင်းကြီးမှာ ဆုဖလားကြီးကို အိမ်အထိယူဆောင်နိုင်ခဲ့တဲ့ အဲ့ဒီလို ကစားသမားကြီးတွေရဲ့ အဆင့်အတန်းမျိုးမှာ ရှိနေရပါမယ်။ ကမ္ဘာတစ်ဝှမ်းရှိ အသင်းပရိသတ်တွေအတွက် ဂုဏ်ယူစရာအခိုက်အတန့်တွေဖန်တီးပေးရမယ့်တာဝန် ကျွန်တော်တို့မှာ ရှိပါတယ်။ အယ်လ်ဘေးနီးယား၊ ခရိုအေးရှားတို့နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ ကျွန်တော်တို့အသင်းပရိသတ်တွေ ကွင်းတွင်းမှာ အနည်းငယ်ပဲရှိနေခဲ့တယ်ဆိုရင်တောင် သူတို့တွေက တီဗွီရှေ့မှာ ကျွန်တော်တို့ အသင်းကို အားပေးနေကြမယ်ဆိုတာ ကျွန်တော်တို့သိထားခဲ့ပါတယ်။
သူတို့တွေ လူကိုယ်တိုင် ကွင်းထဲအရောက် လာအားပေးနိုင်ခြင်း မရှိဘူးဆိုရင်တောင် ကျွန်တော်တို့တွေ ဒါကို တစ်နည်းနည်းနဲ့ ခံစားမိနိုင်ပါတယ်"လို့ စပယ်လက်တီက ပြောပါတယ်။
ဆက်လက်ပြီး စပယ်လက်တီက ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ ခံစစ်အစွန်လူ ဒီမာကို ပါဝင်ကစားပေးနိုင်မှာ မဟုတ်သလို ဗဟိုခံစစ်မှူးကာလာဖီအိုရီကိုလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လက်လွှတ်ရလိမ့်မယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် အီတလီအသင်းအနေဖြင့် ဗဟိုခံစစ်ကစားသမား ဘတ်စ်တိုနီရဲ့ကြံ့ခိုင်မှုပိုင်းအတွက် စိုးရိမ်မှုတွေ ရှိနေသလို ကွင်းလယ်ပိုင်းမှာ ဂျော်ဂျင်ဟိုအစား ဖာဂီအိုလီကို ပွဲထုတ်သွားရမယ့် အလားအလာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
စပယ်လက်တီက " ဘတ်စ်တိုနီအတွက် အကဲဖြတ်မှုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ သူက ဒီနေ့မှာ လေ့ကျင့်ခန်းအနည်းငယ်လုပ်ဆောင်ခဲ့တယ်ဆိုတော့ ကျွန်တော်တို့အတွက် အနည်းငယ်အသက်ရှုချောင်စေပါတယ်။ ဒီမာကိုကတော့ ကြံခိုင်မှုမပြည့်ဝသေးလို့ ပါဝင်ကစားပေးနိုင်ဖို့ မရှိပါဘူး။ လက်ရှိမြင်တွေ့ထားခဲ့ရတာထက်ပိုပြီး တိုက်စစ်ကစားဖို့ ကြိုးစားရမှာဖြစ်တာကြောင့် လေးယောက်တန်းခံစစ်နဲ့ဆင်တူတဲ့ ကစားပုံတစ်ခုခုနဲ့ ယှဉ်ပြိုင်သွားရပါလိမ့်မယ်။ အသင်းမှာ တွန်းအားပေးနိုင်တဲ့ လူငယ်ကြယ်ပွင့်တွေ ရှိပါတယ်။ သူတို့နဲ့ထိုက်တန်တဲ့နေရာတွေ ဖန်တီးပေးသွားရပါမယ်။ ဖာဂီအိုလီမှာ လုပ်ရမယ့်အလုပ်တွေကို တိတိကျကျတည်တည်ငြိမ်ငြိမ် လုပ်ဆောင်နိုင်တဲ့ အရည်အသွေးမျိုး ရှိနေပါတယ်။ ဒါကြောင့် သူ့ကို အဲ့ဒီနေရာအတွက် လုံးဝအံဝင်ခွင်ကျဖြစ်မယ့်ပုံစံမျိုးလို့ ရှုမြင်ထားပါတယ်။ ဒါကြောင့် ဒီနေရာလွတ်မှာ သူ့ကိုတာဝန်ပေးသွားဖို့ သတ္တိအပြည့်ရှိနေရခြင်း ဖြစ်ပါတယ်"လို့ စပယ်လက်တီက ဆက်ပြောခဲ့ပါတယ်။