
စီးတီးအနေနဲ့ အက်ဖ်အေဖလားကော ချန်ပီယံလိဂ်ဝင်ခွင့်ပါရယူနိုင်မယ်လို့ ထောက်ခံလိုက်တဲ့ ဟာလန်း
မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ပေမယ့် မိမိတို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အပြင် အက်ဖ်အေဖလားပါရယူနိုင်မယ်လို့ ထောက်ခံလိုက်ပါတယ်။ စီးတီးဟာ ဒီရာသီမှာ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ဟာလန်းကိုယ်တိုင်ကလည်း ဝန်ခံခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အက်ဖ်အေဖလားတော့ ရယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
စီးတီးဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးအသင်းထံ လက်လွှတ်ခဲ့ရပြီး ချန်ပီယံလိဂ်အပြင် ကာရာဘောင်ကနေပါ ထွက်ခွာခဲ့ရပါတယ်။ ဒီရာသီ စီးတီးအနေနဲ့ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးခဲ့ရပြီး ရိုဒရီကလည်း ပြင်းထန်တဲ့အရွတ်ကြောဒဏ်ရာကြောင့် တစ်ရာသီလုံးကို လွဲချော်ခဲ့ပါတယ်။
ဒါ့အပြင် ဟာလန်းကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၆ ပွဲလောက်လွဲချော်ခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ စနေနေ့တုန်းက ဆောက်သမ်တန်ကို ဂိုးမရှိသရေကျခဲ့တာကြောင့် တကယ့်အခွင့်အရေးတစ်ရပ်ကို လွဲချော်ခဲ့ပါတယ်။ နော်ဝေသားဟာ အဆိုပါပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပဲ အခုလာမယ့်စနေနေ့ ဝင်ဘာလေမှာကန်မယ့်ပွဲမှာ အက်ဖ်အေဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
“ဒီရာသီက ခက်ခဲပါတယ်။ ပွဲတော်တော်များများအရေးနိမ့်တာက မကောင်းပါဘူး။ အဲ့တာက ပျင်းစရာကောင်းပြီး ပျော်ဖို့ မကောင်းပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဆုဖလားအောင်မြင်မှုရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဝင်ဘာလေကိုရောက်နိုင်ခဲ့တာက တကယ်ကောင်းတဲ့အလေ့အကျင့်ဖြစ်သလို ဆုဖလားကလည်း အမြဲတမ်းအရေးပါပါတယ်။ ကျွန်တော်တို့ အက်ဖ်အေဖလားနဲ့ အခုရာသီဆိုးကို အဆုံးသတ်နိုင်ဖို့ လိုအပ်ပါတယ်။
လိဂ်ဖလားကို ၄ နှစ်ဆက်ရခဲ့ပြီးနောက် ၅ နှစ်ဆက်မရတာက အောင်မြင်တဲ့ရာသီမဟုတ်ပါဘူး။ ဒီလိုအဆင့်အတန်းတွေကို ကျွန်တော်တို့ သတ်မှတ်ရပါမယ်။ ကျွန်တော်တို့ လိဂ်ဖလားမှာ အခြေအနေမကောင်းခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်နိုင်ပါသေးတယ်”လို့ ဟာလန်းက ဖြေကြားခဲ့ပါတယ်။ ဟာလန်းဟာ စီးတီးနဲ့အတူ ပထမရာသီမှာတင် ပရီးမီးယားလိဂ် ၊ အက်ဖ်အေ ၊ ချန်ပီယံလိဂ် ၊ စူပါဖလားတို့ကိုရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တုန်းကတော့ ပရီးမီးယားလိဂ်တစ်လုံးတည်းသာရရှိခဲ့ပြီး ပြိုင်ပွဲစုံ ၃၀ ဂိုးအထိသွင်းယူနိုင်ခဲ့ကာ ယခင်တုန်းက ၅၂ ဂိုး ၊ ၃၈ ဂိုးတွေနဲ့ယှဉ်ရင်တော့ နည်းပါးခဲ့တာဖြစ်ပါတယ်။ စီးတီးဟာ လာမယ့်စနေနေ့ အက်ဖ်အေဖလားပွဲအပြီး အင်္ဂါနေ့မှာ ဘုန်းမောက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။