ယူရို၂၀၂၄ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် ယူအီးအက်ဖ်အေရဲ့အပိုဆုကြေး ယူရို၁၁.၃သန်းအထိ ရရှိမယ့် စပိန်
စပိန်အသင်းသာ ယနေ့ည ယူရို၂၀၂၄ ဗိုလ်လုပွဲမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ဆုကြေးအများအပြားရရှိသွားမယ်လို့ သိရပါတယ်။
စပိန်ဟာ ယူရို၂၀၁၂နောက်ပိုင်း အကောင်းဆုံး ခြေစွမ်းတစ်ခုကို ပထမဆုံးအကြိမ် ပြန်လည်ပြသနိုင်ခဲ့ကာ ယခုနှစ်ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်လာနိုင်ခဲ့ပါတယ်။
ဂျာမန်မြေမှာ စပိန်တို့ ၆ပွဲကစား ၆ပွဲနိုင်ခဲ့ပြီး ယနေ့ညဗိုလ်လုပွဲမှာလည်း ဗိုလ်စွဲမယ်လို့ ရေပန်းစားနေပါတယ်။
စပန်တို့ ယနေ့ ဗိုလ်စွဲခဲ့ရင် မှတ်တမ်းကောင်းတွေရရှိမှာဖြစ်သလို စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ အသင်းဟာလည်း ကြီးမားတဲ့ ဆုကြေးတစ်ခုကို ပိုင်ဆိုင်သွားဖို့ ရှိနေပါတယ်။
ပြိုင်ပွဲမတိုင်ခင် ယူအီးအက်ဖ်အေရဲ့ အတည်ပြုချက်အရ ဗိုလ်စွဲခဲ့တဲ့ အသင်းတစ်သင်းဟာ အပိုဆုကြေး ယူရို၂၈.၂၅သန်းအထိ အများရနိုင်တယ်လို့ သိရပါတယ်။
စပိန်အသင်းဟာ ၁၀၀%နိုင်ပွဲ ဖော်ဆောင်ထားနိုင်ခဲ့တဲ့အတွက် အဆိုပါပမာဏကို ရရှိနိုင်ပြီး Mudo Deportivoက အသေးစိတ်အချက်တွေကို တွက်ချက်ထားခဲ့ပါတယ်။
ပြိုင်ပွဲမတိုင်ခင် သဘောတူညီချက်အရ ဆုကြေး ၃၀%ဟာ အသင်းထံ ရောက်ရှိမှာဖြစ်ပြီး ဗိုလ်စွဲခဲ့မယ်ဆိုရင်တော့ ၄၀%အထိ ရရှိသွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် စပိန်အသင်းဟာ ယူရို၁၁.၃သန်းအထိ ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး နည်းပြ ဒီလာဖွန်တေနဲ့ နည်းပြအဖွဲ့အဝင်တွေအပါအဝင် အားလုံးဟာ ယူရို ၄၀၀၀၀၀ ဝန်းကျင် အချိုးကျရရှိသွားမယ်လို့ သိရပါတယ်။