The network connection is lost.

Banner Image

မိုင်နိုးကို အင်္ဂလန်အသင်းမှာ ဘာကြောင့်မရွေးချယ်လဲဆိုတာ ရှင်းပြလာတဲ့ ဆောက်ဂိတ်

အင်္ဂလန်အသင်းဟာ လာမယ့်ရက်သတ္တပတ်မှာ ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ ခြေစမ်းပွဲစဉ်တွေ ကစားသမားသွားရမှာဖြစ်ပြီး ယမန်နေ့က အဆိုပါပွဲစဉ်တွေအတွက် ကစားသမား စာရင်းကို ထုတ်ပြန်ခဲ့ကာ ယူနိုက်တက်ကွင်းလယ်ကစားသမားလေး ကိုဘီမိုင်နိုးပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ယခုအခါမှာတော့ အင်္ဂလန်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်က မိုင်နိုးကိုဘာကြောင့် သူ့ရဲ့အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းရှိခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ မိုင်နိုးဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် အဓိကကွင်းလယ်လူအဖြစ် ပါဝင်ထားနိုင်တာကြောင့် ပရိသတ်တွေ အနေနဲ့ အင်္ဂလန်အသင်းမှာ ပါဝင်လာဖို့ ထောက်ခံခဲ့ကြသော်လည်း ဆောက်ဂိတ်ကတော့ ၁၈ နှစ်အရွယ်ကစားသမားဟာ လက်ရွေးစင်အသင်းမှာ ကစားဖို့ စောလွန်းတယ်လို့ယူဆခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်က “မိုင်နိုးဟာ လူငယ်ကစားသမားဘဝအတွက် ပြောင်မြောက်တဲ့ ခြေစွမ်းကိုပြသထားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း လူငယ်ကစားသမားတွေကို စီနီယာကစားသမားတွေအဖြစ်သတ်မှတ်ပေးဖို့ အမြဲတမ်းအဆင်သင့်ရှိပါတယ်။ ဒါပေမယ့် သူကစားထားတဲ့ပွဲအရေအတွက် လက်တစ်ဆုပ်စာလောက်ပဲရှိတာကြောင့် ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ ဒါတွေကိုပါ ထည့်သွင်းတွက်ချက်ရပါတယ်။ ကျွန်တော်တို့က ဒါတွေကိုလည်း စံနမူအဖြစ် သတ်မှတ်ထားရပါတယ်။ သူက ဂျုဒ်ဘယ်လင်ဟမ်နဲ့ ဘူကာယိုဆာကာတို့ အသင်းကိုစဝင်လာတဲ့ အချိန်တုန်းကလောက် ပွဲအရေအတွက်မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်ထပ်ပြောပါမယ်။ သူက တကယ်ကိုကောင်းမွန်တဲ့လူငယ်ကစားသမားတစ်ယောက်ပါ။ သူ့မှာတကယ်ကောင်းတဲ့ ကစားဟန်ကိုပိုင်ဆိုင်ထားပြီး ယူနိုက်တက်နဲ့အတူ အတွေ့အကြုံကောင်းတွေ ရယူထားနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

လက်ရှိခြေစမ်းပွဲစဉ်တွေအတွက် ရွေးချယ်ခံရခြင်းမရှိတဲ့ မိုင်နိုးအနေနဲ့ လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာလည်းပါဝင်နိုင်ဖို့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။ ယူရိုပြိုင်ပွဲမှာ ကစားသမား ၂၃ ဦးသာခွင့်ပြုထားတာကြောင့် အင်္ဂလန်အသင်းဟာ လက်ရှိလူစာရင်း ၂၅ ဦးထဲက ၂ ဦးကိုထပ်မံလျှော့ချရဦးမှာဖြစ်ပါတယ်။

လက်ရှိရွေးချယ်ထားတဲ့ အင်္ဂလန်အသင်းရဲ့ကွင်းလယ်မှာ ဘယ်လင်ဟမ်၊ ဂယ်လာဟာ၊ ဟန်ဒါဆင်၊ ဒီကလန်ရိုက်စ်နဲ့ မက်ဒီဆင်တို့ပါဝင်နေပြီး ယခင်ကကွင်းလယ်မှာ ကစားခဲ့ဖူးတဲ့ အာနိုးလ်ကတော့ လက်ရှိအချိန်မှာ ဒဏ်ရာရနေပါတယ်။ ဆောက်ဂိတ်ဟာ ကယ်ဗင်ဖီးလစ်ပ်ကို လက်ရှိ လူစာရင်းအတွက် ရွေးချယ်ခဲ့ခြင်းမရှိပေမယ့် ယူရိုပြိုင်ပွဲမှာတော့ ထည့်သွင်းဖို့အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်က “ဖီးလစ်ပ်အနေနဲ့ ကျွန်တော်တို့သူ့အတွက် ဘယ်လိုစဉ်းစားထားတယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ သူ့ကိုထောက်ခံကြောင်းပြသထားနိုင်ပါတယ်။ သူက ကစားသမားကောင်း တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ထောက်ခံမှုကိုရထားတာပါ။ သူ့လိုကစားသမားမျိုးက အသင်းမှာသိပ်မရှိပါဘူး။ ဒါပေမယ့် ကံမကောင်းစွာပဲသူက ကျွန်တော်တို့အတွက် အခုချိန်မှာတော့ မလုံလောက်သေးပါဘူး။ အသင်းမှာပြန်ပါအောင်လုပ်နိုင်တဲ့အရည်အချင်းတွေသူ့မှာရှိပြီးသားပါ။ ကျွန်တော်တို့ကလည်း သူ့ကိုထည့်သွင်းဖို့စိတ်အားထက်သန်ပါတယ်။ ဒါပေမယ့် သူ့ကို မန်စီးတီးမှာ  ဆက်မကစားတော့ရင်ပြဿနာဖြစ်လိမ့်မယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဖိလစ်ပ်ဟာ ဝက်စ်ဟမ်းမှာ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတာဖြစ်ပါတယ်။