The network connection is lost.

Banner Image

ပြီးပြည့်စုံတဲ့အခိုက်အတန့်အဖြစ် တော့တင်ဟမ်ရဲ့နှုတ်ဆက်မှုကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ဆွန်ဟောင်မင်

ယမန်နေ့(တနင်္ဂနွေနေ့)မှာ တော့တင်ဟမ်နဲ့အတူ ဆယ်စုနှစ်တစ်ခုကြာဖြတ်သန်းမှု ကို အဆုံးသတ်ခဲ့တဲ့ တိုက်စစ်မှူးဆွန်ဟောင်မင်က သူ့အတွက် အသင်းရဲ့ဂုဏ်ပြုပေးမှုကို ပြီးပြည့်စုံတဲ့အခိုက်အတန့်လို့ သတ်မှတ်ခဲ့ပါတယ်။ မွေးရပ်မြေတောင်ကိုရီးယားမှာ နယူးကာဆယ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲအတွင်း လူစားလဲလှယ်ထွက်ခွာချိန် နှစ်ဖက်အသင်းကစားသမားတွေအပါအဝင် ကွင်းတွင်းရှိပရိသတ်တွေရဲ့ ဂုဏ်ပြုသြဘာပေးမှုတစ်ခုရရှိလာပြီးနောက် ဆွန်ဟောင်မင်မှာ မျက်ရည်တွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။

ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဆွန်ဟောင်မင်က “ ပြီးပြည့်စုံတဲ့အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုလှပတဲ့အခိုက်အတန့်ကောင်းတွေမျှဝေပေးခြင်းကို ကျွန်တော် ဘယ်တော့မှမေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။ အခုလိုဂုဏ်ပြုပေးမှုအတွက် ပရိသတ်တွေ၊ ကစားသမားတွေနဲ့ နည်းပြကို အမြဲတမ်းကျေးဇူးတင်နေပါလိမ့်မယ်။ နည်းပြက ကျွန်တော့်ရဲ့အခြေအနေအပေါ် နားလည်ပေးခဲ့ပြီး ကျွန်တော့်ရဲ့ဘေးမှာ အမြဲတမ်းအတူ ရှိနေပေးခဲ့ပါတယ်။ သူက ကျွန်တော်ပြောပြသမျှကို အမြဲတမ်းနားထောင်ပေးပြီး ကျွန်တော်ရဲ့ဆန္ဒ ဘယ်လိုရှိသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။ ဒီအတွက် အထူးလေးစားပြီး အရမ်းကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

မြောက်လန်ဒန်ကစားသမားဘဝအခိုက်အတန့်တွေနဲ့ပတ်သက်လို့ ဆွန်ဟောင်မင်က “ တော့တင်ဟမ်အတွက် အကောင်းဆုံးဖြစ်လာပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။အခုဆိုရင် သူတို့ကို ပြိုင်ပွဲငါးခုတောင် စောင့်ကြိုနေပါပြီ။ ဒီပြိုင်ပွဲတိုင်းမှာ တော့တင်ဟမ်အသင်း အောင်ပွဲဆင်နိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒါ ကျွန်တော့်ရဲ့ဆန္ဒပဲ ဖြစ်ပါတယ်။ တော့တင်ဟမ်က ကျွန်တော့်ရဲ့နှလုံးသားမှာ အစဉ်အမြဲရှိနေမှာဖြစ်ပြီး ကောင်လေးတွေကိုလည်း ကျွန်တော့်ရဲ့ သမိုင်းမှတ်တမ်းမှာ အမြဲတမ်းထည့်သွင်းထားရပါလိမ့်မယ်။ မယုံကြည်နိုင်စရာကောင်းခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာကာလက မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်သွားပါပြီ။ ကျွန်တော်ကတော့ လှပတဲ့အခိုက်အတန့်တွေ၊ အံ့သြလောက်စရာအခိုက်အတန့်တွေကိုပဲ တွေးကြည့်မိပါတယ်”လို့ ဆိုပါတယ်။ လတ်တလောမှာ အမေရိကန်မေဂျာလိဂ်ကလပ်အသင်း LAFC က တိုက်စစ်မှူးကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။