
ဘဝရဲ့အရေးအကြီးဆုံးနေ့ရက်အတွက် အစွမ်းကုန်ပြင်ဆင်နေတဲ့ ဆွန်ဟောင်မင်
ယူရိုပါလိဂ်ဗိုလ်လုပွဲကျင်းပမယ့် လာမယ့်ဗုဒ္ဓဟူးနေ့(ယနေ့ည)က သူ့ဘဝရဲ့အရေးအကြီးဆုံးနေ့ရက် ဖြစ်လာလိမ့်မယ်လို့ ဆွန်ဟောင်မင်က ပြောဆိုလိုက်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ချိန် တော့တင်ဟမ်ကို ဆုဖလားအောင်ပွဲဆီ ပို့ဆောင်ပေးဖို့ ရည်မှန်းထားခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားတန်းဆင်းဇုန်အထက် အစဉ်လိုက်ရပ်တည်နေတဲ့ အသင်းနှစ်ခုက ဘီလ်ဘာအိုမြို့မှာ အောင်ပွဲရယူပြီး ဆိုးရွားနေတဲ့ဘောလုံးရာသီကို ဆုဖလားနဲ့အတူ ပိတ်သိမ်းနိုင်ဖို့ ကြိုးစားသွားကြပါလိမ့်မယ်။ အခုဗိုလ်လုပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်မှုအဖြစ် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ တော့တင်ဟမ်ကပ္ပတိန်ဆွန်ဟောင်မင်က ပြီးခဲ့တဲ့သောကြာနေ့၊ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။
တော့တင်ဟမ်နဲ့အတူ ဆွန်ဟောင်မင်ကိုယ်တိုင်လည်း ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးကို အရေးနိမ့်ခဲ့သလို နောက်နှစ်နှစ်အကြာ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို ထပ်မံရှုံးနိမ့်ခဲ့ဖူးပါတယ်။ကလပ်အသင်းနဲ့အတူ ဆယ်စုနှစ်တစ်ခုကြာဖြတ်သန်းလာခဲ့တဲ့ အသက်-၃၂ နှစ်အရွယ်ကစားသမားက သူ့အတွက် တတိယအကြိမ်ဗိုလ်လုပွဲမှာတော့ အောင်မြင်မှုရရှိဖို့ မျှော်လင့်နေပါတယ်။ ဒါက တော့တင်ဟမ်အတွက် နောက်ဆုံး ၁၇ နှစ်အတွင်း ပထမဆုံးဆုဖလားအောင်မြင်မှုဖြစ်လာနိုင်သလို ဆွန်ဟောင်မင်ရဲ့ကစားသမားဘဝသက်တမ်းတလျှောက် ဗွေဆော်ဦးဆုဖလားအောင်မြင်မှုလည်း ဖြစ်လာပါလိမ့်မယ်။
BBC Sports နဲ့တွေ့ဆုံချိန် ဆွန်ဟောင်မင်က “ နောက်ဆုံးမှာတော့ ကျွန်တော်တို့လည်း ဆုဖလားတစ်လုံးတော့ ဆွတ်ခူးသွားနိုင်ပါတယ်။ ဒါကိုပဲ ကျွန်တော်တို့အားလုံး မျှော်လင့်နေကြတာပါ။ လာမယ့်ဗုဒ္ဓဟူးနေ့ကတော့ ကျွန်တော့်ဘဝအတွက် အရေးအကြီးဆုံးနေ့ရက် ဖြစ်လာပါလိမ့်မယ်။ ဒါက အရမ်းခမ်းနားပါလိမ့်မယ်။ ကျွန်တော်တို့အားလုံးလည်း သေချာပေါက်စိတ်လှုပ်ရှားနေမှာဖြစ်ပြီး သမိုင်းသစ်ရေးထိုးနိုင်ဖို့လည်း မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်က ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ၊ ဘာကူမြို့မှာ အာဆင်နယ်ကို ဟာဇက်ဦးဆောင်တဲ့ချဲလ်ဆီးက ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး ပထမဆုံးအကြိမ် All-English ယူရိုပါလိဂ်ဖိုင်နယ် ဖြစ်လာပါလိမ့်မယ်။ တော့တင်ဟမ်ကလည်း ၁၉၇၁-၁၉၇၂ ဘောလုံးရာသီ၊ ၁၉၈၃-၁၉၈၄ ဘောလုံးရာသီတို့မှာ ယူအီးအက်ဖ်အေဖလားချန်ပီယံဖြစ်ပြီးနောက်ပိုင်း တတိယအကြိမ်မြောက်အဖြစ် အခုပြိုင်ပွဲမှာ ထပ်မံဗိုလ်စွဲနိုင်ဖို့ ရည်မှန်းထားပါတယ်။