
ယူရိုပါလိဂ်က ချန်ပီယံလိဂ်ထက်ပိုခက်တယ်လို့ဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယူရိုပါလိဂ်ပြိုင်ပွဲဟာ အခြေအနေတစ်ရပ်ကြောင့် ချန်ပီယံလိဂ်ထက်ပိုခက်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြားရက်က ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ယူနိုက်တက်ဟာ ရီးရဲလ်ဆိုစီဒက်ကို ၁-၁ နဲ့သရေကျခဲ့ပြီး ပွဲအပြီးမှာ အာမိုရင်က အခုလိုပြောကြားလာခဲ့တာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာဆင်နယ်ကတော့ ချန်ပီယံလိဂ်ပထမအကျော့မှာ ပီအက်စ်ဗွီကို ၁-၇ နဲ့ဂိုးပြတ်အနိုင်ရထားပါတယ်။
ယခုအခါမှာ အာမိုရင်က "ကျွန်တော်တို့ တနင်္ဂနွေနေ့ပွဲမှာ ပုံစံကောင်းပြရပါမယ်။ ပြီးခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲမှာ အသင်းက နောက်ဆုံးမိနစ် ၂၀ အတွင်းအတော်လေး ပင်ပန်းခဲ့ပါတယ်။ အသင်းရဲ့အကြီးဆုံးပြဿနာက ကျွန်တော်စရောက်ချိန်မှာ ကစားသမားတွေအားလုံးကို အမြဲတမ်းအသုံးမပြုနိုင်တာပါပဲ။ ဒီလိုအခြေအနေက အရမ်းခက်ခဲပါတယ်။ အထူးသဖြင့်ယူရိုပါလိဂ်မှာ ပိုခက်ခဲပါတယ်"
"ကျွန်တော်တို့ လူစာရင်းကိုအမြဲတမ်းပြောင်းလဲနေရပါတယ်။ ဒါကြောင့် ကျွန်တော့်အမြင်မှာတော့ ယူရိုပါလိဂ်က ချန်ပီယံလိဂ်ထက်အများကြီးပိုခက်ပါတယ်။ ယူရိုပါလိဂ်ကစားရတဲ့အသင်းတွေက ကြားထဲမှာ နားချိန်မရဘဲ လိဂ်ပွဲတွေတန်းကစားရပါတယ်။ ဒါကြောင့်ပဲ ပိုခက်တယ်လို့ပြောတာပါ။ ဒါပေမယ့် ကျွန်တော်တို့ဒါကို ဖြေရှင်းနိုင်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး ဖလားရဖို့လမ်းကြောင်းအနေနဲ့ ယူရိုပါလိဂ်တစ်ခုသာ ကျန်ရှိနေတော့တာဖြစ်ပါတယ်။ ဆက်လက်ပြီး အာမိုရင်က "ပရီးမီးယားလိဂ်မှာ ပွဲစဉ်တိုင်းက အရေးကြီးပါတယ်။ လောလောဆယ်အသင်းရဲ့ အခြေအနေအရ အနိုင်ရဖို့လိုအပ်နေပါတယ်။ အသင်းက အနိုင်မရတဲ့အချိန်တိုင်းမှာ အမြဲတမ်းပြဿနာတက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပွဲစဉ်တိုင်းမှာ အာရုံအပြည့်အဝစိုက်ထားရပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နဲ့ယှဉ်ပြိုင်သွားရပါမယ်။ အာဆင်နယ်ကတော့ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဗွီနဲ့ကစားသွားရမှာဖြစ်ပါတယ်။