The network connection is lost.

Banner Image

အတ္တလန္တာကိုအရေးနိမ့်ပြီးနောက် အိပ်မပျော်နိုင်တော့ကြောင်း ဂျူဗင်တပ်စ်နည်းပြဆို

အတ္တလန္တာကို အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဂျူဗင်တပ်စ်နည်းပြ မော့တာက သူနဲ့အသင်းသားတွေဟာ အိပ်မပျော်နိုင်တော့ကြောင်း ပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ စီးရိးအေ ၅ ပွဲဆက်နိုင်ပွဲဆက်စံချိန်က အတ္တလန္တာကို ၄ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ကျိုးပျက်ခဲ့ရပါတယ်။

အခုအရေးနိမ့်မှုဟာ ၁၉၆၇ အောက်တိုဘာမှာ တိုရီနိုကို တူညီတဲ့ဂိုးအရေအတွက်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် အကြီးမားဆုံးအိမ်ကွင်းရှုံးပွဲဖြစ်လာခဲ့သလို  ၁၃ လအတွင်းမှာ ပထမဆုံးအိမ်ကွင်းရှုံးပွဲလည်း ဖြစ်လာခဲ့ပါတယ်။

“အတ္တလန္တာက အခုနိုင်ပွဲနဲ့ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်ပွဲစီစဉ်လာမှုကို သိခဲ့ပါတယ်။ ဒီနေ့ရလဒ်ကြောင့် ကျွန်တော်တို့ အိပ်ပျော်ဖို့ ခက်ခဲတော့မှာပါ။ အရာအားလုံးက ကျွန်တော်တို့အပေါ် လွှမ်းမိုးမှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဂျူဗင်တပ်စ်ဖြစ်တာကြောင့်ပါ။ ပရိသတ်တွေဘက်ကကြည့်ရင်လည်း သူတို့လိုချင်တာကို နားလည်ပါတယ်။ အချက်အလက်တွေက ကျွန်တော်တို့ ဒီအဆင့်အတန်းမှာရှိနေတယ်ဆိုတာ ပြောနေပါတယ်။ ဒါပေမယ့် အသင်းက တိုးတက်လာနေပါတယ်။ ပထမသွင်းဂိုးအပြီးမှာ ကျွန်တော်တို့ အများကြီးခံစားရပါတယ်။ ကျွန်တော်တို့ စိတ်ပျက်ခဲ့ပြီး အခုတော့ နောက်ပွဲအကြောင်းတွေးရမှာပါ”လို့ မော့တာက ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ အရေးနိမ့်ခဲ့ပေမယ့် မော့တာက ကိုပါအီတာလီယာကွာတားဖိုင်နယ်မှာ အမ်ပိုလီကို ပင်နယ်တီနဲ့အရေးနိမ့်ခဲ့တာက ပိုခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲ့ရှုံးပွဲက ကျွန်တော်တို့ အခုအတ္တလန္တာကိုအရေးနိမ့်ခဲ့တာထက် ပိုခံစားရပါတယ်။ ရှုံးပွဲ ၂ ခုက မတူညီတဲ့အခြေအနေပါ။ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ လိုအပ်ပါတယ်”လို့ မော့တာက ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဖီအိုရင်တီးနားနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။