The network connection is lost.

Banner Image

အာနိုးလ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ဖွယ်သတင်းစကား ထုတ်ပြောခဲ့တဲ့ အန်းစလော့

ဘုန်းမောက်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း ဒဏ်ရာပြဿနာကြုံတွေ့ရလို့ လူစားလဲလှယ်ခဲ့ရတဲ့ အာနိုးလ်ရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး လီဗာပူးနည်းပြအန်းစလော့က သတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်။

ယမန်နေ့ညပိုင်း၊ ဘုန်းမောက်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၇၀ ကျော်မှာပဲ အာနိုးလ်ကို လူစားလဲလှယ်ခဲ့ရပါတယ်။ နောက်ခံလူက ပေါင်ဒဏ်ရာပြဿနာ ခံစားခဲ့ရတယ်လို့ ယူဆရပြီး Vitality Stadium မှာ ဆက်ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ အသင်းအရန်ခုံတန်းဆီ အချက်ပြခဲ့ပါတယ်။
The Athletic သတင်းဌာနရဲ့အဆိုအရ နောက်ခံလူရဲ့ဒဏ်ရာအခြေအနေကို အသေးစိတ်သိရှိရဖို့ ဓါတ်မှန်ရိုက်စစ်ဆေးရနိုင်တယ်လို့ သိရပါတယ်။ နိုင်ပွဲအပြီး အန်းစလော့ကလည်း လာမယ့်ကြာသပတေးနေ့၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို အာနိုးလ် လွဲချော်သွားနိုင်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ အခြေအနေကတော့ လူစားလဲပေးပါလို့ တောင်းဆိုပြီး ကွင်းမျက်နှာပြင်ပေါ် အာနိုးလ်ထိုင်ချလိုက်တာပါပဲ။ ဒါကြောင့် ကျွန်တော်တို့လည်း သူ့ကို လူစားလဲလှယ်ပေးခဲ့ပါတယ်။ သူ တစ်ခုခုတော့ ခံစားခဲ့ရပါတယ်။ ပွဲစဉ်အပြီး တစ်နာရီလောက်အတွင်းမှာ သူ့ရဲ့အခြေအနေဘယ်လိုရှိသလဲဆိုတာ ကျွန်တော်လည်း အတိအကျမပြောနိုင်ပါဘူး။ ဒါပေမယ့် ကစားသမားတစ်ဦးက လူစားလဲလှယ်ပေးဖို့အထိ တောင်းဆိုလာရင်တော့ သိပ်ကောင်းတဲ့လက္ခဏာတစ်ခု မဟုတ်ပါဘူး။

 ဒါက ဒဏ်ရာနဲ့ပတ်သက်တဲ့ အချက်အလက်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လာမယ့်ကြာသပတေးနေ့ပွဲစဉ်မှာ သူပါဝင်ကစားနိုင်မယ်ဆိုရင် ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာ ဖြစ်ပါလိမ့်မယ်။ တက်နိုင်သမျှအမြန်ဆုံး အသင်းဆီ အာနိုးလ်ပြန်လာနိုင်ဖို့ပဲ မျှော်လင့်ကြတာပေါ့”လို့ ပြောပါတယ်။

အထူးသဖြင့် အခုလို အာနိုးလ်ကို လက်လွှတ်ဆုံးရှုံးရမှုက ပထမအကျော့၊ တော့တင်ဟမ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားမှုအပေါ် ချေဖျက်ရမယ့် အန်ဖီးလ်ကွင်းပွဲစဉ်မတိုင်ခင် လီဗာပူးအသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်မှာ အနိုင်ရရှိမယ့်အသင်းက ဗိုလ်လုပွဲမှာ အာဆင်နယ်(သို့မဟုတ်)နယူးကာဆယ်နဲ့ ရင်ဆိုင်သွားရပါမယ်။