
လီဗာပူးအသင်းနဲ့ ၁၆ မှတ်ကွာဟမှုအပေါ် တုံ့ပြန်လာတဲ့ အာဆင်နယ်စတား
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးအသင်းကို လိုက်မီနိုင်ချေရှိနေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ စနေနေ့တုန်းက ဆောက်သမ်တန်ကို အနိုင်ရပြီးနောက် အမှတ်ပေးဇယားကို ၁၆ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်လက်ထဲမှာ ၂ ပွဲကျန်နေသေးတာဖြစ်ပြီး အခုညမှာ ယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ်ဆင်နွှဲရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ နော်တင်ဟမ်ကိုသရေကျပြီးနောက် ဝက်စ်ဟမ်းကိုထပ်မံအရေးနိမ့်ခဲ့တာကြောင့် လီဗာပူးအသင်းနဲ့ အမှတ်ကွာဟမှုကြီးမားလာခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ အဆိုပါ ၂ ပွဲစလုံးမှာ ဂိုးပေါက်ပျောက်ခဲ့ပြီး ကြားရက်က ချန်ပီယံလိဂ်ပွဲမှာမှ ဂိုးပေါက်ပြန်လည်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ဟာ မန်စီးတီးနဲ့အားပြိုင်ခဲ့ရပြီး နောက်ဆုံးနေ့တွေမှာ ၆ ပွဲဆက်အနိုင်ရခဲ့ပေမယ့် ဂွါဒီယိုလာရဲ့စီးတီးကို လိုက်မမီနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိုဒီဂတ်က လီဗာပူးအသင်းဟာ ခြေချော်နိုင်ဆဲဖြစ်ပြီး မိမိတို့အနေနဲ့ လိုက်မီနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“အဆုံးသတ်မတိုင်ခင် ကျွန်တော်တို့ တိုက်ခိုက်သွားမှာပါ။ အဲ့တာက လူတိုင်းမှာရှိတဲ့စိတ်ပိုင်းဖြတ်ထားမှုပါ။ ကျွန်တော်တို့ ၃ နှစ်ဆက်တိုက်ပွဲဝင်နေဆဲပါ။ ကျွန်တော်တို့ အမှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာတွေရှိပေမယ့် ဒုတိယနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ အဲ့တာက အရာအားလုံးဖြစ်နိုင်တယ်ဆိုတာကို ပြသနေပါတယ်။ ကျွန်တော်တို့ ခက်ခဲတဲ့အခြေအနေကို တွန်းပို့နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်သွားရပါမယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်နည်းတူ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဆုံးသတ်အထိ ထိပ်တန်းစွမ်းဆောင်ရည်မျိုး ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်။
အဲ့နောက် ကျွန်တော်တို့ လိဂ်အတွင်းမှာ ဂရုစိုက်ရပါမယ်။ ပြီးတော့ ချန်ပီယံလိဂ်မှာပါ ဂရုစိုက်ရပါမယ်”လို့ အိုဒီဂတ်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ယူနိုက်တက်ကို အနိုင်မရခဲ့ရင် လီဗာပူးအသင်းနဲ့ရမှတ်ကွာဟမှု ထပ်မံကြီးမားဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နောက်ဆုံးအိမ်ကွင်း ၇ ပွဲမှာ ၅ ပွဲအထိ အရေးနိမ့်ထားပြီး အိုဒီဂတ်က နောက်တစ်ကြိမ်ဖြစ်ပွားမှာကို စိုးရိမ်နေပါတယ်။
“သူတို့ (ယူနိုက်တက်)က လိုချင်တဲ့အမှတ်ပေးဇယားမှာရှိမနေပါဘူး။ သူတို့က အနည်းငယ်ရုန်းကန်နေရတဲ့အသင်းကြီးတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ သူတို့အရည်အချင်းကို သိပါတယ်။ သူတို့မှာ တစ်ဦးချင်းကောင်းတဲ့ကစားသမားတွေရှိနေပါတယ်။ ကျွန်တော်တို့ အဲ့အတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့နေရာကိုသွားပြီး အနိုင်ကန်မှာပါ။ ကျွန်တော်တို့ အာဆင်နယ်ပါ။ ကျွန်တော်တို့ ထိတ်လန့်နေမှာမဟုတ်ပဲ နိုင်ပွဲရဖို့ အဲ့ကိုသွားမှာပါ”လို့ အိုဒီဂတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။