အိုလီဆီကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ချဲလ်ဆီး
ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဟာ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် မိုက်ကယ်အိုလီဆီကို ခေါ်ယူဖို့ အပြိုင်အဆိုင်ပစ်မှတ်ထားနေကြပြီး လက်ရှိအချိန်မှာတော့ ချဲလ်ဆီးက ကစားသမားကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
အိုလီဆီကို မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့သာမက ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကပါ ခေါ်ယူဖို့ပစ်မှတ်ထားနေပြီး အပြင်းအထန် ချိတ်ဆက်နေကြတာဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအချိန်မှာတော့ နည်းပြသစ် မာရက်စ်ကာ လက်အောက်မှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးက ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၇၀ ကို ပေးချေဖို့ အဆင်သင့်ရှိနေတာကြောင့် တောင်ပံကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ချဲလ်ဆီးဟာ အိုလီဆီကို မြင့်မားတဲ့လုပ်ခလစာနဲ့ဆွဲဆောင်ဖို့ကြိုးစားနေပြီး စာချုပ် ချုပ်ဆိုဖို့ ကြိုးစားနေတာကြောင့် ကစားသမားအနေနဲ့လည်း ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်က ကစားသမားရဲ့လက်ရှိတန်ကြေးဟာ မတန်မဆဖြစ်နေတယ်လို့ ယူဆတာကြောင့် ခေါ်ယူဖို့ လက်လျှော့နိုင်ချေရှိပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ နယူးကာဆယ်တို့ကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာဆွေးနွေးမှုတွေပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့သိရပါတယ်။
သို့သော်လည်း လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပြင်သစ်သားကို ခေါ်ယူဖို့ဖြစ်နိုင်ချေအရှိဆုံးကတော့ ချဲလ်ဆီးဖြစ်နေပါတယ်။ အိုလီဆီဟာ ပရီးမီးယားလိဂ်မှာ တောက်ပြောင်တဲ့ခြေစွမ်းကိုပြသပြီး ပြီးခဲ့တဲ့ရာသီမှာ ခရစ္စတယ်ပဲလေ့စ်ကို အကောင်းဆုံး ကူညီထားနိုင်ပေမယ့် လက်ရှိယူရိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဒီဒီယာဒက်စ်ချမ့်စ်ရဲ့ပြင်သစ်လူစာရင်းမှာတော့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။
သို့သော်လည်း ယခုလို ယူရိုပြိုင်ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့တာက ကစားသမားအတွက် အာရုံစိုက်စရာနည်းစေတာကြောင့် အိုလီဆီအနေနဲ့ အသင်းသစ်ကို ပြောင်းရွှေ့ဖို့ လျင်လျင်မြန်မြန်လုပ်ဆောင်သွားနိုင်မယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။