၁၁ ပွဲဆက်တိုက်အနိုင်ရထားပြီးနောက် နိုင်ပွဲတွေဆက်တိုက်ရယူသွားဦးမယ်လို့ပြောကြားလာတဲ့ ဆီမြွန်နီ
ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေးကို ၁-၀ နဲ့အနိုင်ရရှိပြီးနောက် ပွဲအပြီးမှာ အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက နိုင်ပွဲဆက်နေမှုကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်းနဲ့ တစ်ပွဲချင်းစီတိုင်းကို အနိုင်ယူဖို့ကြိုးစားနေကြောင်း ပြောကြားလာခဲ့ပါတယ်။
ဂီတာဖေးကိုအနိုင်ရခဲ့တာကြောင့် ယခုအခါမှာ အက်သလက်တီကိုဟာ ရီးရဲလ်မက်ဒရစ်ကိုကျော်ဖြတ်ကာ လာလီဂါအမှတ်ပေးဇယားရဲ့ ဒုတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီး ထိပ်ဆုံးက ဘာစီလိုနာနဲ့ ရမှတ်တူညီသွားပြီဖြစ်ပါတယ်။ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ အက်သလက်တီကိုဟာ လာမယ့်ဒီဇင်ဘာလ ၂၂ ရက်နေ့မှာတော့ ဘာစီလိုနာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။
ဂီတာဖေးကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ဆီမြွန်နီက “ကျွန်တော်တို့ တစ်ပွဲချင်းစီကိုအနိုင်ရဖို့ကြိုးစားနေပါတယ်။ အလုပ်ကြိုးစားနေပြီး တိုးတက်အောင်ပြုလုပ်နေတာကြောင့် ဒီလိုနိုင်ပွဲဆက်နေမှုကို ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဘာစီလိုနာနဲ့ကစားမယ့်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ကောင်းကောင်းအနားယူသွားရပါဦးမယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အက်သလက်တီကိုဟာ ပထမပိုင်းအတွင်း ဂီတာဖေးဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဒုတိယပိုင်းမှာတော့ လူစားဝင်ကစားသမား ဆော်လို့သ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အသင်းရဲ့ အရန်လူစာရင်းအင်အားကို ကျေနပ်မိကြောင်းကိုလည်း ဆီမြွန်နီက “ကျွန်တော်က ပွဲတစ်ပွဲကို အခြေအနေအမျိုးမျိုးနဲ့ စိတ်ကူးယဉ်ကြည့်တတ်သူတစ်ယောက်ဖြစ်ကြောင်း ကစားသမားတွေကို အမြဲတမ်းပြောပြလေ့ရှိပါတယ်။ ဘာတွေဖြစ်လာရင် ဘယ်လိုအဖြေရှာရမလဲဆိုတာမျိုးပေါ့။ ဒီနေ့ပွဲမှာလည်းကျွန်တော်အဖြေရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဒါကလည်း ကစားသမားတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါပဲ”
“ကွင်းထဲက ဘယ်ကစားသမားကိုအသုံးပြုမလဲဆိုတာ ဆုံးဖြတ်ရလွယ်ကူပေမယ့် ကစားသမားတွေအနေနဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရာမှာ ခက်ခဲမှုတွေအများကြီးရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့အသင်းရဲ့ စိတ်ဓာတ်ပိုင်းတက်ကြွမှုကိုမြင်တွေ့ခဲ့ရပြီး ကျွန်တော်အများကြီးစိတ်ကျေနပ်ခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။