
ယူရိုပါလိဂ်က တစ်ပွဲချင်းစီကစားရတာကြောင့် ပရီးမီးယားလိဂ်ထက်ပိုလွယ်လို့ဆိုလိုက်တဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့ရဲ့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ထက် ယူရိုပါလိဂ်မှာ ပိုမိုအခြေအနေကောင်းနေခြင်းမှာ ပွဲစဉ်တွေကို တစ်ပွဲချင်းစီ အချိန်ယူကစားရလို့ဖြစ်ပြီး နည်းဗျူဟာချဖို့ အချိန်ကောင်းကောင်းရတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အာမိုရင်ဟာ ဒီရာသီမှာ ယူနိုက်တက်ကို ယူရိုပါလိဂ်ပွဲစဉ် ၆ ပွဲကိုင်တွယ်ထားရာမှာ ၅ ပွဲအထိနိုင်ပြီး ၁ ပွဲသရေကျထားတာဖြစ်ပါတယ်။ သို့သော်လည်း ပေါ်တူဂီသားဟာ ပရီးမီးယားလိဂ်မှာတော့ ရလဒ်ကောင်းတွေဖန်တီးနိုင်ဖို့ ရုန်းကန်နေရပြီး ပွဲ ၂၀ ကိုင်တွယ်ထားရာမှာ ၆ ပွဲသာအနိုင်ရရှိခဲ့ပါတယ်။ အခုလို ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ရလဒ်တွေကို နှိုင်းယှဉ်ပြီးနောက်မှာ အာမိုရင်က ယူရိုပါလိဂ်ပွဲစဉ်တွေက ဆက်တိုက်မဟုတ်ဘဲ တစ်ပွဲချင်းစီကစားရတာဖြစ်လို့ အချိန်ကောင်းကောင်းရတယ်လို့ ဆိုပါတယ်။
လိုင်ယွန်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "ကျွန်တော်တို့ ယူရိုပါလိဂ်မှာ အခြေအနေကောင်းတာ ထူးခြားတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အဲဒါက တစ်ပွဲပြီးတစ်ပွဲကစားရပြီး အချိန်ကောင်းကောင်းရတဲ့ ပြိုင်ပွဲဖြစ်နေလို့ပါ။ ပရီးမီးယားလိဂ်မှာတော့ ဒီလိုမဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံးလိဂ်မှာကစားဖို့ ကြိုတင်ပြင်ဆင်မှုတွေအတွက် အချိန်ကောင်းကောင်းလိုအပ်ပါတယ်။ ယူရိုပါလိဂ်မှာတော့ ပြင်ဆင်ဖို့အချိန်လုံလောက်လို့ အခုလိုအခြေအနေကောင်းနေတာဖြစ်ပါလိမ့်မယ်"
"ကွင်းထဲမှာတောင် ၁ စက္ကန့်လောက်တွေးဖို့ အချိန်ပိုရရင် ပွဲရဲ့အခြေအနေကို ပြောင်းလဲပစ်လို့ရပါတယ်။ ဒါကြောင့် ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်ရလဒ်တွေက ကွဲပြားမှုတွေရှိနေတာပါ" လို့ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်မှာ ရပ်တည်မှုအခြေအနေမကောင်းပေမယ့် ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးရှိနေပါတယ်။ အာမိုရင်က "ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့က ကဏ္ဍပေါင်းစုံအတွက် အရမ်းအရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့ ဥရောပဖလားကို ဆွတ်ခူးနိုင်မှာပါ။ ဒီလို ဥရောပဖလားကိုဆွတ်ခူးနိုင်တာက အသင်းရဲ့ယုံကြည်မှုအတွက် ကြီးမားတဲ့သက်ရောက်မှုရှိစေပါတယ်။ ပြီးတော့ နောက်ရာသီအတွက်လည်း ကောင်းကောင်းအထောက်အပံ့ပေးနိုင်ပါတယ်။ နွေရာသီမှာအသုံးပြုနိုင်မယ့် ငွေကြေးပမာဏကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အပေါ် မူတည်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။