 
                                                                        အာဆင်နယ်ရဲ့ကစားဟန်အားဝေဖန်နေသူတွေကို ပါကား ပြန်လည်တုံ့ပြန်
ဘန်လေအသင်းနည်းပြ ပါကားကတော့ အာဆင်နယ်ရဲ့ဒီရာသီကစားဟန်ကို ဝေဖန်နေသူတွေအား ပြန်လည်တုံ့ပြန်လိုက်ပြီး အာတီတာရဲ့အသင်းဟာ အကောင်းဆုံးလုပ်ဆောင်နေတာလို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာမှာ ၄ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ၂၀၀၄ နောက်ပိုင်းပထမဆုံးလိဂ်ဖလားရယူနိုင်ဖို့ ရေပန်းစားနေပါတယ်။
ဒါပေမယ့်လည်း အာတီတာအနေနဲ့ ဒီရာသီအာဆင်နယ်ရဲ့နိုင်ပွဲတွေနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရသလို open play ကနေ ဒီရာသီ ၅ ပွဲမှာ ၁၆ ဂိုးသာသွင်းယူထားနိုင်ပါတယ်။ အခုစနေနေ့မှာ ပါကားရဲ့ဘန်လေအသင်းဟာ အာဆင်နယ်ကိုရင်ဆိုင်ရမှာဖြစ်ပြီး တည်ကန်ဘောတွေအပေါ်အားပြုလွန်းနေတယ်လို့ အာဆင်နယ်ကို ဝေဖန်နေတာနဲ့ပတ်သက်လို့ ပါကားက ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ကျွန်တော်ကတော့ အဲ့လိုမျိုးမမြင်မိပါဘူး။ သူတို့ကိုကြည့်လိုက်ချိန်မှာ ကျွန်တော်အရိုးသားဆုံးပြောပါမယ်။ တကယ့်ကိုအဆင်ချောလွန်းတဲ့အသင်းလို့မြင်မိပါတယ်။ ပြီးတော့ မယုံကြည်နိုင်စရာကောင်းလွန်းတဲ့နည်းပြတစ်ဦးကိုင်တွယ်နေတဲ့အသင်းလို့မြင်ပါတယ်။ ပြီးတော့ သူတို့မှာ အခြေအနေတွေကို ဖြေရှင်းနိုင်စွမ်းရှိနေပါတယ်။ သူတို့က တည်ကန်ဘောတွေကိုပဲ အားပြုလွန်းတဲ့အသင်းလို့ ကျွန်တော်မမြင်မိပါဘူး။
အခုတော့ ယေဘုယျအားဖြင့် အစပဲရှိပါသေးတယ်။ သူတို့တည်ကန်ဘောတွေကနေ အဓိကအနိုင်ယူထားနိုင်ပါတယ်။ ဒါကလုံးဝအဆင်ချောတဲ့အသင်းကို မြင်နေရတာပါ။ ခံစစ်ပိုင်းမှာလည်း တကယ့်ကိုအခြေခံကျလွန်းပါတယ်။ မနှစ်ကတုန်းကလည်း အတူတူပါပဲ။ သူတို့သေချာလေးတည်ဆောက်ထားနိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ အာဆင်နယ်က တကယ့်ကို ထိပ်တန်းအသင်းတစ်သင်းပါ”လို့ ပါကားကပြောကြားခဲ့ပါတယ်။ ပါကားက အာတီတာက အာဆင်နယ်ကစားဟန်ရဲ့အသေးစိတ်ကိုပါ သေချာလေးအာရုံစိုက်တတ်တဲ့သူလို့ ပြောကြားလိုက်ပါတယ်။
“ကျွန်တော်မြင်တာနဲ့တော့ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ ခင်ဗျားအနေနဲ့အသင်းတွေကိုကြည့်ချိန်မှာ သူတို့ရဲ့အသေးစိတ်ကျမှုအဆင့်အတန်းကို မြင်နိုင်ပါတယ်။ အာတီတာက အာဆင်နယ်ကိုအသေးစိတ်ကျအောင် သေချာလေးအာရုံစိုက်တဲ့နည်းပြမျိုးပါ။ တိုက်စစ် ၊ ခံစစ် ၊ တည်ကန်ဘောအကုန်အာရုံစိုက်ပါတယ်။ အာဆင်နယ်က လုံးဝကိုပြီးပြည့်စုံတဲ့အသင်းဖြစ်နေပါပြီ။ ဒါ့အပြင် အချက်အလက်တွေအများကြီးလည်း ပါဝင်နေတာပါ”လို့ ပါကားက ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
         
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                