The network connection is lost.

Banner Image

ကိုပါအမေရိကချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ကာကွယ်သွားမယ်လို့ ပြောကြားလာတဲ့ စကာလိုနီ

အာဂျင်တီးနား လက်ရွေးစင်နည်းပြ လီယွန်နယ်စကာလိုနီက ကနေဒါနဲ့ယှဉ်ပြိုင်သွားရမယ့် ကိုပါအမေရိကဖလား အဖွင့်ပွဲစဉ်မတိုင်ခင်မှာ ချန်ပီယံဂုဏ်ပုဒ်ကို ဆက်လက်ကာကွယ်သွားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ယခုနှစ်ကိုပါအမေရိကပြိုင်ပွဲကို တောင်အမေရိကမှ ၁၀ သင်းနဲ့ မြောက်အမေရိကမှ ၆ သင်း စုစုပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အမေရိကန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ ယခုအခါမှာတော့ စကာလိုနီက အာဂျင်တီးနားဟာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဘယ်အသင်းကိုမှ လျှော့တွက်မထားကြောင်း ပြောကြားလာခဲ့ပါတယ်။

ယမန်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဂျင်တီးနားသားက “ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ပေမယ့် အတိတ်က အတိတ်မှာကျန်ခဲ့ပါပြီ။ ဘောလုံးပွဲစဉ်တွေအားလုံးက မတူညီပါဘူး။ တစ်ပွဲနဲ့တစ်ပွဲမှာ ဘယ်ပွဲကပိုလွယ်တယ်ဆိုတာလည်း မရှိပါဘူး။ ပွဲစဉ်တိုင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ပြင်သစ်၊ ဘရာဇီး၊ ကနေဒါ ဘယ်အသင်းနဲ့ပဲဖြစ်ဖြစ် အကုန်လုံးက ခက်ခဲပါတယ်” “အခုလာမယ့် ကိုပါအမေရိကပြိုင်ပွဲကလည်း ပုံမှန်အတိုင်း ခက်ခဲနေဦးမှာပါပဲ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ဒီပြိုင်ပွဲရဲ့ခက်ခဲမှုကို အားလုံးနားလည်သဘောပေါက်ထားပြီး အကောင်းဆုံးလုပ်နေကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကနေဒါနဲ့ပွဲစဉ်မတိုင်ခင်မှာ အသက်-၄၆ နှစ်အရွယ် စကာလိုနီက ပွဲစဉ်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ကစားနိုင်ဖို့က အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်လို့ အသင်းရဲ့ကစားသမားတွေကို အကြံပေးလာခဲ့ပါတယ်။

စကာလိုနီက “ကျွန်တော်တို့ ဆုဖလားတွေရရှိခဲ့လို့ အရမ်းပျော်ခဲ့ကြပါတယ်။ ပြီးတော့ ပြိုင်ပွဲတွေမှာ ကစားသမားတွေရဲ့ပေးဆပ်ပုံတွေကိုပြန်ကြည့်ရတာ ကြည်နူးစရာပါပဲ။ ဒီအရာတွေကလည်း ကျွန်တော်တို့ကို အောင်မြင်မှုထံနောက်ထပ်တစ်ကြိမ် ခေါ်ဆောင်သွားနိုင်ပါတယ်။ အတိတ်မှာ ကျရှုံးမှုတွေရှိခဲ့ဖူးပေမယ့် ကျွန်တော်တို့ ရှေ့ဆက်နိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။ ဒီတစ်ခေါက်မှာလည်း ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကို ဆက်လက်ကာကွယ်ဖို့ ကြိုးစားသွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ကနေဒါနဲ့ ပွဲစဉ်အပြီးမှာတော့ အာဂျင်တီးနားဟာ အုပ်စုအတွင်း ပီရူး၊ ချီလီတို့နဲ့ဆက်လက် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။