The network connection is lost.

Banner Image

အသင်းပြောင်းဖို့ကိုသာ ဦးစားပေးစဉ်းစားလိုက်တဲ့ ဆန်ချို

ဆန်ချို ဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီး တွင် အငှားဖြင့် ကစားခဲ့သော်လည်း အန်ဇိုမာရက်စ်ကာ ရဲ့ အသင်းက တောင်ပံကစားသမားကို ပေါင် ၂၅ သန်းဖြင့် အပြီးသတ် ခေါ်ယူရန် ရွေးချယ်ခြင်းမပြုဘဲ ယူနိုက်တက်သို့ ပြန်ပို့ရန် ပေါင် ၅ သန်း လျော်ကြေးပေးခဲ့ပါတယ်။

ယခုရက်သတ္တပတ်အစောပိုင်းက နာပိုလီ က ဆန်ချို ကို ခေါ်ယူရန် ချဉ်းကပ်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ကစားသမားကလည်း ခွင့်ပြုချက် ပေးခဲ့ကြောင်း သိရပါတယ်။ သို့သော် စီးရီးအေရဲ့ ချန်ပီယံတွေဟာ ယူနိုက်တက်ရဲ့ ယူရို ၂၅ သန်း (ပေါင် ၂၁.၃ သန်း) တန်ဖိုးကို မြင့်မားတယ်လို့ ယူဆနေပါတယ်။ သို့သော်လည်း နာပိုလီက ဂျူဗင်တပ်စ် မှ ပြိုင်ဆိုင်မှုကို ရင်ဆိုင်နေရပြီး ယခုရက်သတ္တပတ်အတွင်း ဆန်ချို အတွက် ယူနိုက်တက်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

Sky Sport Italy ရဲ့ အဆိုအရ ဆန်ချို ရဲ့ ဦးစားပေးမှာ နာပိုလီသို့ ပြောင်းရွှေ့ရန် ဖြစ်ပါတယ်။ အန်တိုနီယို ကွန်တီ ရဲ့ အသင်းက အခြားပြိုင်ဘက် အသင်းများထက် စောပြီး စိတ်ဝင်စားကြောင်း ပြသခဲ့သောကြောင့် ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဆန်ချို ကို ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ယူနိုက်တက်နှင့် သဘောတူညီမှု မရရှိခဲ့တာ ဖြစ်ပါတယ်။

ဆန်ချို ဟာ ယူနိုက်တက်နှင့် တစ်ပတ် ပေါင် ၃၀၀,၀၀၀ တန်ဖိုးရှိ စာချုပ် သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပြီး အဆိုပါလစာဟာ နာပိုလီ နှင့် ဂျူဗင်တပ်စ် နှစ်သင်းစလုံးအတွက် အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပင် ဒေါ့မွန် က ဆန်ချို ကို ဘွန်ဒက်စ်လီဂါ သို့ ပြန်လည်ခေါ်ယူရန် ချိတ်ဆက်ခဲ့ပြီးနောက် ပြန်လည်ခေါ်ယူရန် စိတ်မဝင်စားတော့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ဟုတ်ပါတယ် ဂျေဒန်နဲ့ အဆက်အသွယ်က အမြဲရှိနေပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ ရာဇဝင်ရှည်ကြီး ရှိခဲ့ပါတယ်"

"ဒါပေမဲ့ အခုချိန်မှာတော့ ဒါက ကျွန်တော်တို့အတွက် ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ လက်ရှိမှာ တခြား ဦးစားပေးတွေ ရှိနေပါတယ် ဒါကြောင့် ဆန်ချို ကိစ္စက အတွင်းပိုင်းထက် မီဒီယာတွေမှာ ပိုပြီး ပြောဆိုခံရနိုင်ပါတယ်" လို့ ဒေါ့မွန်ရဲ့ အားကစားဒါရိုက်တာ ဆီဘက်စ်တီယန် ကဲလ် က ပြီးခဲ့တဲ့ ရက်သတ္တပတ်က Ruhr Nachrichten သို့ ပြောကြားခဲ့ပါတယ်။