ပေါ်တိုကို အနိုင်ယူပြီးနောက် အခုဘောလုံးရာသီမှာ အသင်းနဲ့အတူ ရယူချင်တဲ့ ဆုဖလားအကြောင်း ထုတ်ပြောလာတဲ့ ဆာကာ
အခုဘောလုံးရာသီ၊ အာဆင်နယ် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားအောင်ပွဲထက် ပရီးမီးယားလိဂ်ဆုဖလားအောင်မြင်မှုကို ပိုမိုရယူလိုတယ်လို့ ဂန်းနားကြယ်ပွင့် ဆာကာက ပြောဆိုလိုက်ပါတယ်။
ဒီနေ့မနက်ပိုင်း၊ အမ်းမရိတ်စ်ကွင်းအတွင်း ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်(ဒု-ကျော့) ပွဲစဉ်မှာ ပေါ်တိုကို အနိုင်ယူပြီးနောက် အာတီတာရဲ့အသင်းက သောကြာနေ့၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုမှာ ပါဝင်ခွင့်ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်က နိုင်ငံတကာသီတင်းပတ်အပြီး မတ် ၃၁ ရက်မှာ လိဂ်ချန်ပီယံပြေးလမ်းရှိ ပြိုင်ဘက်မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ဂိုးကွာခြားမှုအသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပြန်ပါတယ်။
ဒီနေ့မနက်ပိုင်း ပွဲစဉ်အပြီး အခုရာသီ၊ ပရီးမီးယားလိဂ်ဆုဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားအနက် အသင်းနဲ့အတူ ဘယ်ဆုဖလားကို ဆွတ်ခူးချင်သလဲဆိုတဲ့ အွန်နရီရဲ့မေးခွန်းကို ဆာကာက “ဝိုး….. ချန်ပီယံလိဂ်ရော၊ ပရီးမီးယားလိဂ်ရော လိုချင်တယ်လို့ ပြောမှာကို ခင်ဗျား ခွင့်ပြုမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အခုရာသီအတွက် ကျွန်တော်ရွေးချယ်ရမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်လို့ပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က နှစ်ခုစလုံးကို လိုချင်တာပါ။ ဒီဆုဖလား နှစ်လုံးစလုံးကို လိုချင်ပါတယ်”လို့ ဖြေဆိုခဲ့ပါတယ်။
ဆက်လက်ပြီး အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာဆီ အလားတူမေးခွန်းမျိုးကို မေးမြန်းရာမှာ ဂိုးသမားက “နှစ်ခုလုံးပဲ”လို့ ပြန်ဖြေခဲ့ပါတယ်။ တဖက်မှာလည်း နည်းပြအာတီတာက ပေါ်တိုနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်နှစ်ခုအပြီး ဂန်းနားတွေဟာ သူတို့ရဲ့စွမ်းဆောင်ရည်ပိုင်းကို တိုးမြှင့်ဖို့ စိတ်အားထက်သန်နေဆဲဖြစ်တယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။
အာတီတာက “အထူးသဖြင့် ကလပ်အသင်း အတွက် နောက်ထပ်ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါ။ လွန်ခဲ့တဲ့ခုနစ်နှစ်အတွင်း ကျွန်တော်တို့တွေ ဒီပြိုင်ပွဲမှာ မယှဉ်ပြိုင်ခဲ့ရသလို နောက်ဆုံး ၁၄ နှစ်အတွင်းမှာလည်း ဒီနေ့ရောက်ရှိနေတဲ့ အဆင့်အတန်းမျိုးဆီမှာ ကျွန်တော်တို့အသင်း ရှိမနေခဲ့ပါဘူး။ ဒါက ခက်ခဲမှုဖြစ်ပါတယ်။ အကောင်းဆုံးအရာကတော့ ကျွန်တော်တို့တွေ ဒီအပေါ်မှာ မကျေနပ်ခဲ့သလို ပိုလုပ်ပြချင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကိုလည်း ဖြတ်သန်းဖို့ ကြိုးစားသွားမယ်ဆိုတာ အာမခံပါတယ်”လို့ ပြောပါတယ်။
ပေါ်တိုကို အနိုင်ယူပြီးနောက် အာဆင်နယ်အနေဖြင့် အခုရာသီ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်မယ့်အရေး တွေးတောနိုင်ပြီးလားဆိုတဲ့ မေးခွန်းကို အာတီတာက “ ဒါက အဝေးကြီးလိုပါသေးတယ်။ အခုအချိန်မှာတော့ ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါ နောက်တစ်ဆင့်မှာဘယ်အသင်းနဲ့ရင်ဆိုင်ရမလဲ ဆိုတာ စောင့်ကြည့်သွားပါမယ်။ ပြီးရင်တော့ နောက်ထပ်ကြိးမားတဲ့အခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ ကြိုးပမ်းမှုကို စတင်ရပါမယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။