
အာမိုရင်ကို ယူနိုက်တက်မှာ ၃ နှစ်အထိအချိန်ပေးသွားမှာဖြစ်ကြောင်း ရက်ကလစ်ဖ်အခိုင်အမာပြော
မန်ချက်စတာယူနိုက်တက်တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်က ရလဒ်ဆိုးတွေကြောင့် ဖိအားတွေကြုံတွေ့နေရတဲ့ အသင်းရဲ့နည်းပြ ရူဘင်အာမိုရင်ကို ရာထူးကနေထုတ်ပယ်ဖို့ အလျင်စလိုဆုံးဖြတ်မှာမဟုတ်ဘဲ အစွမ်းအစကိုသက်သေပြနိုင်ဖို့အတွက် ၃ နှစ်အထိအချိန်ပေးသွားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၅ နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ယူရိုပါလိဂ်ဖလားကိုလက်လွှတ်ခဲ့ရသလို၊ ယခုရာသီအစမှာလည်း ယူနိုက်တက်ဟာ ရလဒ်ကောင်းတွေရရှိဖို့ရုန်းကန်နေရတာကြောင့် အာမိုရင်ရဲ့အနာဂတ်ဟာ ထင်ကြေးအမျိုးမျိုးပေးခံထားရပြီး အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားရတော့မယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။
သို့သော်လည်း ယခုအခါမှာ ရက်ကလစ်ဖ်က "သူ့မှာ အကောင်းဆုံးဆိုတဲ့အခိုက်အတန့်တွေ မရှိခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အရည်အချင်းကို ၃ နှစ်အတွင်းမှာတော့ သက်သေပြဖို့လိုပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲယူဆပါတယ်။ သတင်းတွေကိုတော့ ကျွန်တော်နားမလည်ပါဘူး။ သူတို့က တစ်ညတာအောင်မြင်မှု ကိုပဲ အာရုံစိုက်ကြပါတယ်။ ခလုတ်တစ်ခုနှိပ်လိုက်တာနဲ့ အောင်မြင်မှုရနိုင်တယ်လို့ ထင်နေကြသလိုပါပဲ။ မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးကို ဂျာနယ်လစ်တွေရဲ့ အပတ်စဉ်သတင်းတွေနဲ့ စီမံခန့်ခွဲလို့မရပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂလေဇာတွေက အာမိုရင်ကိုထုတ်ပယ်ခိုင်းပါက ဘယ်လိုဖြစ်လာနိုင်သလဲလို့မေးမြန်းခဲ့ရာ ရက်ကလစ်ဖ်က "ဒီလိုဖြစ်လာစရာမရှိပါဘူး။ကျွန်တော်တို့က မြေပြင်မှာအလုပ်လုပ်နေပြီး သူတို့က အဝေးမှာရောက်နေကြသူတွေပါ။ မန်ချက်စတာယူနိက်တက်လို ကြီးမားပြီးရှုပ်ထွေးတဲ့ ဘောလုံးအသင်းကို အဝေးကနေလှမ်းပြီး စီမံခန့်ခွဲဖို့က မလွယ်ပါဘူး။ ကျွန်တော်တို့ကအသင်းမှာရှိနေတဲ့သူတွေပါ။ ဂလေဇာတွေနဲ့ပတ်သက်ပြီး မကောင်းတဲ့သတင်းတွေရှိပေမယ့် သူတို့က လူကောင်းတွေဖြစ်ပြီး ကလပ်ကိုလည်း အရမ်းဂရုစိုက်ကြပါတယ်" လို့ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်ကိုစတင်ကိုင်တွယ်ချိန်ကတည်းက ရာသီကုန်တဲ့အထိ ဖိအားတွေကြုံတွေ့ခဲ့ရတဲ့အာမိုရင်ဟာ ယခုရာသီအစမှာလည်း ကာရာဘောင်ဖလားမှထွက်ခွာခဲ့ရသလို၊ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာရပ်တည်နေတာကြောင့် ဖိအားတွေပိုတိုးလာခဲ့ပါတယ်။ ဒါ့အပြင် အာမိုရင်ဟာ နည်းစနစ်ပိုင်းမှာလည်း ဝေဖန်မှုတွေကြုံတွေ့နေရသလို၊ အသင်းရဲ့ကစားသမားတွေကလည်း သူ့ရဲ့နည်းစနစ်တွေအပေါ်မှာ ယုံကြည်မှုမရှိကြဘူးလို့လည်း သတင်းတွေကဆိုပါတယ်။
ပြီးခဲ့တဲ့စနေနေ့က လိဒ်ကိုအနိုင်ရပြီး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့တဲ့ယူနိုက်တက်အတွက် အခုလို ရက်ကလစ်ဖ်ရဲ့အပြုသဘောဆောင်တဲ့ပြောကြားချက်ဟာ ထပ်မံတွန်းအားပေးသလိုဖြစ်လာစေပေမယ့် နည်းပြအာမိုရင်အတွက်တော့ သူ့ကိုယ်သူသက်သေပြဖို့ ဆက်လက်ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာမိုရင်အနေနဲ့ သူ့ရဲ့အစွမ်းအစကိုသက်သေပြတဲ့အနေနဲ့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံကို အနိုင်ယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။